Home
မြန်မာသတင်း
ဂျိုင်းမြစ်ကို ဖောင်ဖြင့်ကူးသည့် ခရီးသည်တင်ယာဉ် မြစ်ထဲကျပြီး ယာဉ်မောင်း ပျောက်ဆုံး
DVB
·
April 7, 2024
GiantRiverCarAccident_07042024

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဒူရိန်ဆိပ်ကမ်းမှာ ဧပြီ ၅ ရက် ညနေ ၄ နာရီလောက်က ဂျိုင်းမြစ် တဖက်ကမ်းကို ဖောင်နဲ့ကူးတဲ့ ခရီးသည်တင်ကားတစီး ဘရိတ်ချို့ယွင်းပြီး မြစ်ထဲထိုးကျခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒူရိန်ဆိပ်ကမ်းကနေ ဂျိုင်းမြစ်ကိုဖြတ်ပြီး တဖက်ကမ်းက ဒေါ်လမ်းကျေးရွာ ကွမ်ဖော်ဆိပ်ကို သွားဖို့ ကားကို ဖောင်ပေါ်တင်နေရင်း မြစ်ထဲထိုးကျလို့ ယာဉ်မောင်းပျောက်ဆုံးနေတယ်လို့ ဘားအံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အရင်ကလည်း အခုလို ဖောင်နဲ့ကူးသန်းသွားလာနေတာပဲ။ အခုဟာက ဘရိတ်ချော်ပြီး မြစ်ထဲထိုးကျတာပါ။ ည ၈ နာရီလောက်မှာတော့ ကားကိုပြန်ဆယ်နိုင်ခဲ့ပေမယ့်  ယာဉ်မောင်းကတော့ ပျောက်နေသေးတယ်။ ပြန်ပေါ်လာမယ့်အချိန်ကို စောင့်ရတော့မှာပဲ” လို့ သူက ပြောပါတယ်။

ရေထဲထိုးကျ နစ်မြုပ်ခဲ့တဲ့ကားဟာ မြို့ရွှေထားဝယ် ခရီးသည်တင်ယာဉ် Toyota Hiace အမျိုးအစား ကား ဖြစ်ပြီး ည ၈ နာရီ အချိန်မှာ ကားကို မြေပြင်ပေါ်ပြန်လည်ဆယ်တင်နိုင်ခဲ့ပြီး ယာဉ်မောင်းကိုတော့ ဒီမနက်အထိ မတွေ့ရသေးဘဲ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မြိုင်ကလေး–ဒူးရင်းဆိပ်တံတားမှာ ကားဖြတ်သန်းဖို့ အမြင့် ၈ ပေ သတ်မှတ်ပြီး တံတားထိပ် သံဘောင်တပ်ဆင်ထားတာကြောင့် ကားခေါင်မိုးပေါ် တခြားဝန်စည်စလှယ် တင်ဆောင်လို့ မရတဲ့အတွက် အခုလို ဖောင်နဲ့ဖြတ်ကူးနေရတာလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

လက်ရှိမှာ မြဝတီဘက်ကို တက်မယ့်ယာဉ်တွေအနေနဲ့ မြဝတီ အာရှလမ်းမကြီးပိုင်းကနေ သွားလာလို့မရတာကြောင့် ဒေါနတောင် တောလမ်းဘက်ကနေ ခရီးသည်တင်ကားတွေနဲ့ ကုန်စည်တင်တဲ့ ယာဉ်ငယ်တွေ သွားလာနေကြရလို့ ဂျိုင်းမြစ်ကိုဖြတ်ပြီး ဒူရိန်ကျေးရွာ ဒူရိန် ဆိပ်ကမ်းကနေ တဖက်ကမ်း ဒေါ်လမ်းကျေးရွာ ကွမ်ဖော်ဆိပ်ကို အရင်ကအတိုင်း ဖောင်နဲ့ ကူးသန်းသွားလာနေကြတာလို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013