စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ပုလဲမြို့ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ထင်ရှားတဲ့ တော်လှန်ရေးနယ်မြေတခု ဖြစ်ခဲ့ပါတယ်။ ပုလဲမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာအုပ်စုနဲ့ ကျေးရွာအများစုက အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးတာ၊ တော်လှန်ရေး အင်အားစုတွေရဲ့ အခြေခံစစ်စခန်းတွေ အခြေချရာနေရာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီကျေးရွာတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ရှင်းသန့်မောင်တို့ရွာလည်း တရွာအပါအဝင် ဖြစ်ပါတယ်။
ရှင်းသန့်မောင် တို့ရွာမှာ စစ်အာဏာမသိမ်းခင်က သေနတ်သံ၊ ဗုံးသံ၊ လေယာဉ်သံတို့ ကင်းဝေးရာမြေ။ ထန်းတောတွေ၊ ကွင်းပြင်တွေ၊ တောအုပ်တွေနဲ့ နေချင်စဖွယ် တောဓလေ့ အပြည့်နှင့်ပင်။ ဒီတော၊ ဒီကွင်းတွေကလည်း ရှင်းသန့်မောင်အတွက် ကစားကွင်းတွေပဲ။ ကျောင်းဆင်းပြီး ပြန်လာရင် ဆော့ကစားနေကျ နေရာတွေပင်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သူတို့ကစားကွင်းတွေဟာ အကန့်အသတ် ရှိလာခဲ့ပါပြီ။
၂၀၂၃ မတ်လ ၁၇ ရက်နေ့ကတော့ ရှင်းသန့်မောင် ဘဝကို အပြောင်းအလဲ ဖြစ်စေခဲ့တဲ့ နေ့တနေ့ပါ။ ရှင်းသန့်မောင်တယောက် သူငယ်ချင်းတွေနဲ့ ကလေးသဘာဝ ပြေးလွှားဆော့ကစားရင်း ရွာနောက်ဘက်က ချုံအတွင်း မြေမြှုပ်မိုင်း နင်းမိခဲ့ပါတယ်။
“ဖြစ်ဖြစ်ချင်းတော့ ဘယ်လိုခံစားရလဲဆိုတာ သိပ်မမှတ်မိတော့ဘူး။ ဝုန်းခနဲ အသံပဲ ကြားလိုက်ရတယ်။ သူငယ်ချင်းတွေကတော့ အော်ကြတယ်။ သူတို့ကတော့ ဘာမှမဖြစ်ဘူး၊ ဆေးရုံခေါ်သွားတဲ့ လမ်းမှာတော့ သား မငိုဘူး” လို့ ရှင်းသန့်မောင်က ပြန်ပြောပါတယ်။
ဆေးရုံခေါ်သွားတယ်လို့ သူက ပြောပေမဲ့ ပုလဲမြို့နယ်က ဆေးရုံဆေးခန်းတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်းမှာ အသက်မဝင်တော့တာ အတော်ကြာနေခဲ့ပါပြီ။
ဒီအတွက် ရှင်းသန့်မောင် ပြောတဲ့ ဆေးရုံဆိုတာ CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုဝေးတည်ရှိရာ ရွာတရွာကို ပြောဆိုနေခြင်းသာ ဖြစ်ပါတယ်။ ရှင်းသန့်မောင်ရွာနဲ့ အဲဒီရွာက တော်တော်အလှမ်းဝေးတယ်။ ဆေးဝန်ထမ်း ဆရာဝန်တွေနဲ့ တွေ့ရချိန်မှာ ရှင်းသန့်မောင် ခြေထောက်တွေ စုပ်လန် ဖွာကြဲနေပါပြီ။ ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရတယ်။
“ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရတော့ ချိုင်းထောက်နဲ့ပဲ သွားနေရတာပေါ့” လို့ ရှင်းသန့်မောင်က ပြောပါတယ်။ ရှင်းသန့်မောင်အတွက် စေတနာရှင်တွေက ဝှီးချဲတစီး လှူဒါန်းထားပေမဲ့ ရှင်းသန့်မောင်အတွက် စိတ်သွားတိုင်း ကိုယ်မပါတော့။
“ဝှီးချဲလှူထားတာ ရှိတယ်။ ရွာလမ်းကနေရာတိုင်း ဝှီးချဲနဲ့သွားလို့မရတော့ ချိုင်းထောက်ပဲ သုံးတယ်”လို့ ပြောရင်း ရှင်းသန့်မောင် အသံတိမ်ဝင်သွားပါတယ်။
မြေမြှုပ်မိုင်း လုံးဝမသုံးဖို့ ၁၉၉၇ ခုနှစ်အတွင်း ကုလသမဂ္ဂမှာ သဘောတူပြီးနောက်ပိုင်း မြေမြှုပ်မိုင်းတွေကို နိုင်ငံအများစုမှာ ပိတ်ပင်ထားခဲ့တာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီသဘောတူစာချုပ်မှာ မပါဝင်ခဲ့တဲ့ မြန်မာပြည်တွင်းမှာတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ မြေမြှုပ်မိုင်း အသုံးပြုမှုလည်း ပိုမို မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ၂၀ ရာခိုင်နှုန်းကျော်ဟာ ကလေးငယ်တွေလို့ UNICEF က ထုတ်ပြန်ထားပါတယ်။
အဲဒီ ၂၀ ရာခိုင်နှုန်းကျော်မှာ ရှင်းသန့်မောင် ဆိုတဲ့အမည် ပါဝင်လား မပါဝင်လား မသိ။ ရှင်းသန့်မောင်ကတော့ “သားအခု ပြေးတာလွှားတာတွေ လုပ်လို့မရတော့ဘူး၊ သား ကစားလို့မရတော့ဘူး” လို့ သူ့ရဲ့ ဖြတ်ထားတဲ့ ခြေနှစ်ဖက်ကိုကြည့်ပြီး မျက်ရည်ဝဲကာ ပြောရှာပါတယ်။ ဒါပေမဲ့ သူ့ဘဝ အပြောင်းအလဲဖြစ်ခဲ့ရတဲ့ တရားခံကို သူမသိရှာပေ။
“မိုင်းထောင်တာက ဘယ်သူထောင်လဲတော့ မသိပါဘူး။ အရင်ကတော့ အဲ့မှာ တိုက်ပွဲဖြစ်တယ်။ တောထဲဆိုတာ သားတို့ ဆော့ကစားနေကျ အရွက်ခူးရင်လည်း အဲ့ကိုသွားနေကျပါ။ မိုင်းကို သားက ခြေထောက်နဲ့နင်းမိတာ အဲ့မှာ ထပေါက်ကွဲတာပါ”လို့ ရှင်းသန့်မောင်က ပြောပြပါတယ်။
၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအားလုံးရဲ့ ၃၅ ရာခိုင်နှုန်းကျော်ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့တယ်လို့ UNICEF အချက်အလက်တွေအရ သိရပါတယ်။
တနိုင်ငံလုံး အတိုင်းအတာအရဆိုရင် ရှင်းသန့်မောင်တို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မိုင်းသုံးစွဲမှုနဲ့ ထိခိုက်မှုက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အခုအချိန်မှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေလည်း ရှားပါးနေပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းရဲ့ ညနေအလှမှာ ကျေးရွာအတွင်း ကလေးသူငယ်တွေ အော်ဟစ် ပြေးလွှား ဆော့ကစားနေကြပါတယ်။ ရှင်းသန့်မောင် တယောက် သူ့တဲအတွင်းမှ ငဲ့ကြည့်လိုက်ပြီး “သား မပြေးနိုင်တော့ဘူးပေါ့ ဖေဖေ” ဆိုပြီး ဖခင်ကို တိုးတိုးလေး မေးနေရှာပါတယ်။
ဝိုင်