အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် မြန်မာစစ်တပ်ရဲ့ မြေမြုပ်မိုင်းထောင်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိလာတဲ့အကြောင်း Imphal Free Press သတင်းတပုဒ် မှာ ဖော်ပြပါတယ်။
မဏိပူရပြည်နယ်ဥပဒေပြုလွှတ်တော် (MLA) အဖွဲ့ဝင်၊ ကမ်ဂျုံးခရိုင်ကိုယ်စားပြု နာဂ လွှတ်တော်အမတ် လေရှီယိုကီးရှိန်းက ဒီစိုးရိမ်ဖွယ်ရာပြဿနာကို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပြီး အဆက်မပြတ် ကြောက်ရွံ့နေထိုင်နေကြရတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို ထောက်ပြခဲ့ကာ အစိုးရအနေနဲ့ အရေးတကြီး အာရုံစိုက်ပေးဖို့ တောင်းဆိုခဲ့တာပါ။
မဏိပူရပြည်နယ်နဲ့ မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် ၉၁ နဲ့ ၉၄ ကြားမှာ မြန်မာဘက်က မြေမြှုပ်မိုင်းတွေ အများအပြားထောင်ထားတာကြောင့် အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာ ရရှိတာတွေ များလာခဲ့သလို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုးသမီး ကျောင်းသူ ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၆ ရက်ကလည်း လုံမဲနာဂရွာသားတဦး သေဆုံးကာ တခြားတဦး ဒဏ် ရာရရှိခဲ့ပြီး မေလ တလတည်းမှာတင် နမ်မလီကျေးရွာနဲ့ ဇီးချိုကျေးရွာတွေမှာ မြေမြှုပ်မိုင်း တကြိမ်စီ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းကြောင့် လူသေဆုံးမှုတွေအပြင် ကျွဲ၊ နွား၊ တိရစ္ဆာန်တွေနဲ့ တခြားတိရစ္ဆာန်အများအပြား သေဆုံးခဲ့တာတွေ ရှိနေသလို ရွာသူရွာသားတွေဟာ နေအိမ်က အပြင်ထွက်ဖို့ ကိုတောင် ကြောက်ရွံ့နေကြရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အာသံရိုင်ဖယ်တပ်တွေဟာ ဘေးကင်းတဲ့ နေရာတွေမှာသာ နေလိုကြပြီး နယ် စပ်ဒေသလုံခြုံရေးကို လုပ်ဆောင်နေတာမျိုး မရှိနေဘူးလို့လည်း ထောက်ပြဝေဖန်ထား ပါတယ်။
မဏိပူရ ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းကတော့ ဒီအခြေအနေကို အသိအမှတ်ပြုပြီး မြေမြှုပ်မိုင်းတွေ ရှာဖွေဖယ်ရှားဖို့ အာသံရိုင်ဖယ်တပ်၊ မဏိပူရရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအရာရှိတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။
ဒါ့အပြင် စစ်ဆေးတွေ့ရှိချက်တွေကို ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေဆီ အစီရင်ခံ တင်ပြပြီး မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်သလို နယ်စပ်ဖြတ်ကျော် မြေမြှုပ်မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီးတော့ ဗဟိုအစိုးရဆီ အသိပေးသွားမယ်လို့ အာမခံ ပြောကြားထားပါတယ်။
Source: Imphal Free Press