မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၃ ရက်နေ့ ညနေ ၄ နာရီ ၄၅ မှာ ရေစကြို ဟင်္သာကျေးရွာက ထွက်လာပြီး ကိုရင်ရွာမှာ အထိုင်ချထားတဲ့ အင်အား ၆၀ ပါ စစ်ကြောင်းကို ရော့ကတ် ၇ လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ကိုရင်ရွာ စာသင်ကျောင်းအတွင်းမှာ အထိုင်ချထားတဲ့ စစ်ကြောင်းက စစ်သားတွေထိမှန်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးကတော့ ဆင်ကျောင်း(ပျူရွာ) မှာ ဆေးကုသမှုခံယူနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက အတည်ပြုပြောဆိုပါတယ်။
“ထိခိုက်သေဆုံးတာကိုတော့ ဖရဲသီးက အတည်ပြုပေးပါတယ်၊ စာသင်ကျောင်းထဲကျပြီး ၃ ဦးသေတယ် ၁၀ ဦးကျော် ဒဏ်ရာရတယ်ပေါ့နော်။ စစ်ကြောင်းကတော့ ကိုရင်ရွာကနေ ဟင်္သာရွာဘက်ပြန်လှည့်သွားပြီ။ အဲဒီစစ်ကြောင်းက ပြီးခဲ့တဲ့ တပတ်ကျော်က ကိုရင် ကျေးရွာအတွင်းမှာရှိတဲ့ ပစ္စည်းတွေ ခိုးယူပြီး နေအိမ် ၂၃ လုံး မီးရှို့ဖျက်ဆီးသွားပါတယ်” လို့ Taty Pku- PDF တာဝန်ခံက ပြောပါတယ်။
စစ်ကြောင်းတိုက်ခိုက်မှုမှာ ရေစကြိုပကဖ၊ ပခုက္ကူပြည်သူကာကွယ်ရေး(၂)cober one နဲ့ Taty-pku pdf တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-အရာတော်-ရွာသာကြီးလမ်းပိုင်းတွေမှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ဒီနေ့ သြဂုတ် ၁၄ ရက် မနက်ကစတင်ပြီး လမ်းပိုင်း ခေတ္တယာယီပိတ်ထားကြောင်း အရာတော်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။
“လမ်းပိုင်းပိတ်ထားတာ ဟုတ်ပါတယ်။ ကျနော်တို့လည်း အခုတိုက်ပွဲထဲမှာမို့ ပြီးရင် အသေးစိတ်ဖြေပေးပါ့မယ်။”
မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ သြဂုတ် ၁၄ ရက် မနက်ကစတင်ပြီး မုံရွာ-ကျောက္ကာ-အရာတော်လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ မော်တော်ယာဥ်တွေနဲ့ သွားလာခြင်းမပြုကြဖို့အသိပေးထုတ်ပြန်ထားတာပါ။
မုံရွာဒေသခံတဦးက “မနေ့ကတည်းက စစ်တပ်လက်နက်ကြီးနဲ့ရမ်းပြီးပစ်လို့ လူတွေလည်း မနည်းဘူးသေကြတာ။ ဒီမနက်တော့ လမ်းပိုင်းတွေပိတ်လိုက်ပြီလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောတယ်။ တိုက်ပွဲက ဘယ်နေရာမှာဖြစ်နေလဲဆိုတာတော့ အသိပေးထားတာမရှိဘူး” လို့ ပြောပါတယ်။
မုံရွာ – အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ အရာတော်မြို့ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ)(၁၀)ဘက်ကို စစ်ကောင်စီယာဥ်တွေ ဖြတ်သန်းမှုတိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်လေ့ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် သြဂုတ် ၁၃ ရက် မနက်ကလည်း မုံရွာမြို့နယ်က ထနောင်းတော (တောင်) ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၈ ဦးနဲ့ အမျိုးသား ၃ ဦး သေဆုံးခဲ့ကာ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု စက်တင်ဘာလအတွင်းကလည်း မုံရွာ – အရာတော်လမ်းပိုင်းကို ည ၈ နာရီမှ မနက် ၅ နာရီအထိ သွားလာခြင်းလုံးဝမပြုလုပ်ဖို့ ဒေသကာကွယ် ရေးအဖွဲ့တွေက ထုတ်ပြန်ခဲ့ပါသေးတယ်။