တိုက်ပွဲအတွင်း တပ်ရင်း၊ တပ်ဖွဲ့တွေအနေနဲ့ စခန်စွန့်ခွာထွက်ပြေးရာမှာ ဖမ်းဆီးမခံရေးအတွက် လူအုပ်စုလိုက် မပြေးကြဖို့ ပဋိပက္ခဖြစ်နေတဲ့ တိုင်းစစ်ဌာနချုပ်တွေကို ကက(ကြည်း)ရုံးက ညွှန်ကြားခဲ့ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံးက သြဂုတ် ၁၀ ရက်မှာ ပဋိပက္ခနယ်မြေအတွင်းက တန်း ပြည့်စစ်မှုထမ်းဖို့ သတ်မှတ်ထားတဲ့ တိုင်းစစ်ဌာနချုပ် ၈ ခုကို ခွာစစ်ဆင်ရာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ညွှန်ကြားခဲ့တာလို့ ရတခ တိုင်းနဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“စခန်းစွန့်ခွာပြီး ပြေးမယ်ဆိုရင် ပျော်ပွဲစားထွက်သလို အုံနဲ့ကျင်းနဲ့မထွက်ဖို့မှာတာ။ ဘာလဲဆိုတော့ မိသွားရင် လူရာနဲ့ချီမိတာ၊ အဲ့ဒါကြောင့် တပ်တွေဆုတ်ခွာရင် ကိုယ်အဖွဲ့နဲ့ကိုယ် စနစ်တကျထွက်ဖို့ ညွှန်ကြားတာ။”
စခန်းစွန့်ခွာထွက်ပြေးကြတဲ့ တပ်မိသားစုဝင်တွေအနေနဲ့ မြို့ရွာတွေမှာ မနေဘဲ စစ်ကောင်စီ တပ်တွေရှိရာကို သွားရောက်ခိုလှုံမိပါက နောက်တကြိမ်စခန်းကျပြီး ထွက်ပြေးရတာလည်း ရှိတယ်လို့ ရမခတပ်မိသားစုဝင်တဦးက DVB ကို ပြောပါတယ်။
“ကွမ်းလုံမှာ တပ်တွေ အတိုက်ခံရတော့ တိုင်းစစ်ဌာနချုပ်ရှိတဲ့ နေရာကိုပြေးတယ်၊ လာမတိုက်နိုင်ဘူးဆိုတဲ့ အတွေးနဲ့။ လားရှိုးအတိုက်ခံရပြီး ရမခကျတော့ ဘယ်ပြေးရမှန်းမသိဘူး။ နောက်ပိုင်း စခန်းစွန့်ခွာပြေးမယ်ဆို တပ်ရှိတဲ့နေရာ မပြေးနဲ့၊ နောက်တကြိမ်ထပ်ပြေးရမယ်။”
ညွှန်ကြားချက်ထဲမှာတော့ စခန်းစွန့်ခွာပါက အဖွဲ့များဖွဲ့ကာ အဖွဲ့လိုက်အရပ်သားအသွင်ယူကာ သွားရမှာဖြစ်ပြီး စခန်းရှိ လက်နက်ကိရိယာအားလုံးကို ဖျက်ဆီးပစ်ခဲ့ရမယ်လို့ ဖော်ပြ ထားပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) က ပေးပို့ခဲ့တဲ့ စစ်ဌာနချုပ်တွေဟာ အလယ်ပိုင်းတိုင်းစစ်ဌာ နချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်စစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းနဲ့ တြိဂံတိုင်းစစ်ဌာနချုပ်တို့ပဲ ဖြစ်ပါတယ်။