Home
မြန်မာသတင်း
ဦးဝီရသူ၊ ဝါသဝကိုယ်တော်နှင့် ပေါက်ကိုယ်တော်တို့အား အရေးယူရန် မဟနကို တိုက်တွန်း
DVB
·
August 12, 2024

ဦးဝီရသူ၊ ဝါသဝကိုယ်တော်နဲ့ ပေါက်ကိုယ်တော်တို့ကို ဝိနည်းတွေနဲ့အညီ အရေးယူဖို့ ရွှေဝါရောင်ဆရာတော်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(မဟန) ကို တိုက်တွန်းလိုက်ပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ နာမည်ကျော် ကိုယ်တော်တွေဖြစ်တဲ့ ဦးဝီရသူ၊ ဝါသဝကိုယ်တော်နဲ့ ပေါက်ကိုယ်တော်တို့ကို မြတ်ဗုဒ္ဓရဲ့ ဝိနည်းတော်တွေ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ရဲ့ စည်းကမ်းတွေနဲ့အညီ အရေးယူဖို့ ရွှေဝါရောင်ဆရာတော်တွေက တိုက်တွန်းလိုက်တာပါ။

ဩဂုတ် ၈ ရက် ရက်စွဲနဲ့ ဦးဝီရသူ တရားဟောနေတဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်မှာ ထွက်ပေါ်လာခဲ့ပြီး ပြည်သူတွေကိုသတ်ဖြတ်ဖို့ အားပေးအားမြှောက်ပြုတာနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်တာတွေ ဟောကြားပြောဆိုခဲ့တာ တွေ့ရပါတယ်။

အလားတူပဲ စစ်ကိုင်းဒေသတွင်းမှာ ဝါသဝကိုယ်တော်၊ မကွေးဒေသတွင်းမှာ ပေါက်ကိုယ်တော်တို့က လက်နက်ကိုင်ပြီး စစ်သင်တန်းပေးတာ၊ ပြည်သူတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က “နိုင်ငံတော်သံဃမဟာနာယကဟေ့ ဆိုတာ သာသနာနဲ့ မလျော်ညီတာတွေ လုပ်လာတယ်ဟေ့ဆိုရင် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ဟေ့ ဆိုပြီးတော့ ဖွဲ့စည်းထားတာပါ။ ဝါသဝတို့ လက်နက်တွေကိုင်နေတယ်၊ ပေါက်ကိုယ်တော်တို့ဟေ့ ဆိုရင်လည်း သတ်ဖို့တွေ ဖြတ်ဖို့တွေ ဇော်မဲလုံး တို့ပြောနေတဲ့ ပြည်သူကို ပစ်ချမယ်ဆိုတဲ့ ခလုတ်တွေ မနှိပ်သေးဘူးလား ဆိုတာတွေ ပြောနေတာတွေဟာ အကုန်လုံး ပလူပျံနေကြတာ။ ဝီရသူလည်း အခုထွက်လာပြန်ပြီ။ ဝါသဝ တို့ဆိုတာ ဝီရသူရဲ့ တပည့်တွေပါပဲ။ အခု ဒါ သူတို့စစ်တပ်တွေ တပ်ရင်းလိုက်တွေ ပြုတ်လာတဲ့အခါကျတော့ သူတို့ အားမလိုအားမရနဲ့ မင်းအောင်လှိုင်ကို ထွက်ပြီးပြောလာတာတွေ ဦးပဉ္စင်းတို့ တွေ့လာရပါတယ်။ သို့သော် ဒီ သံဃမဟာနာယကဟာ ဒါကို မသိကျိုးကျွံပြုပြီးတော့ နေတယ်ဟေ့ဆိုတာ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စပါပဲ။ ပြီးတော့ သံဃနာယကဆိုတဲ့ ရာထူးကြီးတွေတော့ ငါတို့ ယူထားမယ်၊ ဒီရာထူးဟာ အပူဇော်ခံဖို့နဲ့ အလှူခံဖို့ပဲဆိုရင် ဒါ အင်မတန် ရှက်စရာကောင်းပါတယ်။ ကိုယ်ယူထားတဲ့ရာထူးဆိုတာ သာသနာတော်နဲ့ မလျော်တာတွေကို ထိထိရောက်ရောက် အရေးယူရပါမယ်၊ ရဟန်းသံဃာဟေ့ ဆိုတာ အဂတိတရား ၄ ပါး ကင်းစင်ရတယ်” လို့ မိန့်ပါတယ်။

မဘသအဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး NLD အစိုးရလက်ထက် ၂၀၁၇ ဇူလိုင်လမှာ တရားဝင်အဖွဲ့အစည်းအဖြစ်ကနေ ရပ်ဆိုင်းခံခဲ့ရပါတယ်။ မဘသအဖွဲ့ဟာ စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေးမှာ လူမျိုးရေး၊ ဘာသာရေးကို အသုံးချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့ဖြစ်ပြီး တရားဝင်အဖွဲ့အစည်းအဖြစ်က ရပ်ဆိုင်းခံခဲ့ရပေမဲ့ ဘာသာရေး အစွန်းရောက် လှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

အရှင်တေဇာနန္ဒ(တန့်ဆည်) က “မဘသ ကိုယ်တော်တွေကတော့ သူတို့ကတော့ ပြုပြင်ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဘာသာရေးမှိုင်းတွေထဲမှာ မှိုင်းမိပြီးတော့မှ မှိုင်းနွံထဲမှာပဲ နစ်နေကြပြီပေါ့နော်။ ပြောမယ်ဆိုရင်တော့ လိုချင်မှု လောဘတဏှာရမ္မက်တွေ နောက်မှာပဲ လိုက်နေကြတော့တာပေါ့နော်။ မြတ်ဗုဒ္ဓကလည်းပဲ အရှင်းကြီး မိန့်ထားတာ ရှိတယ်။ ရဟန်းတွေမှာ လမ်း ၂ လမ်း ရှိတယ်ပေါ့နော်။ နိဗ္ဗာန်ကိုသွားတဲ့လမ်းကို လိုက်မယ်ဆိုရင် လာဘ်လာဘရတဲ့လမ်းကို စွန့်ရမယ်၊ လာဘ်လာဘရတဲ့လမ်းကို လိုက်မယ်ဆိုရင် နိဗ္ဗာန်လမ်းကို စွန့်ရမယ်ဆိုတာ ဗုဒ္ဓက လမ်း ၂ သွယ် ချထားပြီးသား။ မဘသတွေက သူတို့လာဘ်လာဘရရှိဖို့၊ အပူဇော်ခံလိုမှု၊ နောက်တခုက ကျော်စောလိုမှု ဆိုတဲ့ ဒီလောဘသက္ကာယသိလောက နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့အခါမှာ သူတို့ရဲ့ နှလုံးသားထဲမှာ လုံးဝမှတော့ မငြိမ်းတော့ဘူး၊ အငြိမ်းဓာတ် လုံးဝမရှိဘူး။ ဦးပဉ္စင်းတို့ သံဃ စံတန်ဖိုးမှာက မိမိကိုယ်ကိုယ် ငြိမ်းချမ်းအောင်ကျင့်ရမယ်၊ အဖွင့်ကတော့ နိဗ္ဗာန်အကျိုးငှာ ကျင့်ရမယ်လို့ ပြောတာပဲ” လို့ မိန့်ကြားပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနက ခန့်အပ်တဲ့ သံဃာ ၄၇ ပါးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာကတော့ သန်လျင် မင်းကျောင်းဆရာတော် စန္ဒိမာဘိဝံသ ဖြစ်ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အာဏာရှင်ဟောင်း ဦးနေဝင်း လက်ထက် ၁၉၈၀ ပြည့်နှစ်မှာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး သာသနာပိုင် သံဃာအဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013