Home
မြန်မာသတင်း
ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ကာကွယ်ရေးဦးစီးချုပ်နေရာ လွှဲပေးရန် ပေါက်ကိုယ်တော် မိန့်ကြား
DVB
·
January 18, 2024
Aryawantha_18012024

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို လွှဲပေးပြီး အရပ်ဘက်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသင့်တယ်လို့ ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မှာပြုလုပ်တဲ့ MNDAA ကန့်ကွက်ဆန္ဒပြပွဲမှာ ပေါက်ကိုယ်တော် (အရှင် အရိယဝံသ) က မိန့်ကြားခဲ့တယ်လို့ အမျိုးသားရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက်က ပြုလုပ်ခဲ့တဲ့ MNDAA ဆန့်ကျင်ကန့်ကွက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ရော အရပ်ဘက်တာဝန်ကိုရော ယူထားသူတဦး ဖြစ်တဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ လွှဲပေးဖို့ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ဘုရားတရားကြည်ညိုပြီး အမြဲပြုံးရွှင်နေတော့ အရပ်ဘက်ဝန်ကြီးချုပ်နဲ့ ပိုလိုက်ဖက်တယ်။ ဒါဆို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရပ်ဘက်ဝန်ကြီးနေရာပဲ ပေးလိုက်ရင် ကောင်းမလား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာကို ဘယ်သူကယူမှာလဲ၊ ဒုချုပ်စိုးဝင်း ရှိတယ်လေဗျာ၊ မျက်နှာအသေထားတာကြည့်လိုက်၊ စစ်သားမပီသဘူးလား၊ ဒုချုပ်ကြီးရဲ့ မျက်နှာအနေအထား လုပ်ပုံကိုင်ပုံကိုကြည့်လိုက်၊ မကြိုက်ဘူးလား၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ဒုချုပ်ကြီးကို ပေးလိုက်၊ အရပ်ဘက် ဝန်ကြီးချုပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပေးလိုက်။”

ဒီကနေ့မနက်မှာ တနိုင်း၊ မိုင်းရှူး၊ ကွန်ဟိန်း အစရှိတဲ့ မြို့နယ်တွေမှာ အမျိုးသားရေးဆရာတော်တွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ တပ်ထောက်ခံသူတွေ ဆန္ဒပြခဲ့ပြီး စစ်ရှုံးမြို့နယ်တွေကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပေးဖို့ တောင်းဆိုခဲ့ကြတာလည်း ရှိတယ်လို့ ကွန်ဟိန်းမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မဘသတွေရော၊ တပ်ထောက်ခံသူတွေရော ​ကြံ့ခိုင်ရေးပါတီဝင်တွေရော စစ်မှုထမ်းဟောင်းတွေရော မင်းအောင်လှိုင်ကို မကြိုက်ဘူး။ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ကာကွယ်ရေးဦးစီးချုပ် ဖြစ်စေချင်တာ၊ တောင်းဆိုတဲ့သူတွေရှိတယ်။”

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဆီမှာ ဒကစလောက်ကိုင်ဌာနချုပ် လက်နက်ချပြီးနောက် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဖိုင်တခုကို အကြောင်းပြုကာ အမျိုးသားရေး ဆရာတော်တွေနဲ့ စစ်တပ်ထောက်ခံသူတွေ ကြံ့ခိုင်ရေးပါတီဝင်တွေဟာ ဇန်နဝါရီ ၉ ရက်က စတင်ကာ မန္တလေးမှာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားရေးဆရာတော်တွေနဲ့ အမျိုးသားရေးလှုပ်ရှားသူတွေ၊ ကြံ့ခိုင်ရေးက ပါတီဝင်တွေနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့တွေ ဇန်နဝါရီ ၉ ရက်ကနေ ဇန်ဝါရီ ၁၈ ရက်အတွင်း ဆန္ဒပြခဲ့တဲ့မြို့နယ်ပေါင်း ၄၀ အထိ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013