Home
မြန်မာသတင်း
သပိတ်ကျင်းက စစ်စခန်း ၈ ခု သိမ်းပိုက်ထား၊ သိမ်ဇရပ်ပြည်သူ ၁ ဦး လက်နက်ကြီးကြောင့် ဒဏ်ရာရ
DVB
·
August 11, 2024

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့တပ်စခန်း ၈ ခုအထိ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပြီး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်လို့ အမျိုးသားတယောက် စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

MDY-PDF ရဲ့ တာဝန်ခံတယောက်က “သပိတ်ကျင်းမြိုနယ်ထဲကဆိုရင် စစ်ကောင်စီတပ်စခန်း ၈ ခု အထိ သိမ်းပိုက်ထားပြီးပါပြီ။ ဆက်လက်ပြီးတော့လည်း စခန်းသိမ်းတိုက်ပွဲတွေလို စစ်ရေးဖော်ဆောင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

သပိတ်ကျင်းမြိုနယ်ထဲက စစ်ကောင်စီတပ်စခန်းတွေ ဖြစ်ကြတဲ့ ကွင်း ၃၀ ကျေးရွာတပ်စခန်း၊ လက်ပံပြန့်ကျေးရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေကျေးရွာတပ်စခန်း၊ ဖက်ရှည်ကျေးရွာတပ်စခန်း၊ ခလရ ၁၄၈ တပ်စခန်း၊ ကျောက်ဖြူကျေးရွာတပ်စခန်းနဲ့ လိပ်ကျကျေးရွာ တပ်စခန်းတို့ကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

MDY-PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “အခုသိမ်းထားတဲ့ စစ်တပ်စခန်းတွေကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတာတွေ ရှိသလို ကျနော်တို့ဘက်ကလည်း ထိုက်သင့်တဲ့ ပေးဆပ်မှုတွေ ရှိခဲ့ပါတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းသိမ်းတိုက်ပွဲတွေကနေ ဒဏ်ရာရရှိခဲ့သူတွေကိုတော့ MDY-PDF ရဲ့ ဆေးတပ်ဖွဲ့က အထူးကြပ်မတ်ကုသပေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မန္တလေးတိုင်းအတွင်းက စဉ့်ကူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်းအများအပြားကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

မိုးကုတ်ဗျူဟာရဲ့ တာဝန်ရှိသူတယောက်က “ခလရ ၁၄၈ တပ်စခန်းထဲကနေ စစ်သားအလောင်း ၂ လောင်း တွေ့ခဲ့ပြီး စစ်သုံ့ပန်း ၄ ယောက်ဖမ်းမိခဲ့ပါတယ်။ လက်နက်အမြောက်အမြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့မှာ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး (MDY-PDF)၊ မိုးကုတ်ဗျူဟာ (အမှတ် ၁၂၂၁) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတယောက် စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိမ်ဇရပ်မြို့အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကနေ ဩဂုတ် ၁၀ ရက် ည ၈ နာရီခွဲလောက်က ပစ်ခတ်လိုက်တဲ့ ၆၀ မမ တလုံးဟာ သိမ်ဇရပ်မြို့၊ အခိုင်ရွာတောင်ဘက်က ချောင်းနားကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ချောင်းနားမှာ ငါးရှာနေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုမိုးဒီရဲ့ ညာဘက်လက်သူကြွယ်ပြတ်တောက်ခဲ့သလို ဗိုက်ပွင့်ပြီး အူထွက်သွားခဲ့တာပါ။

မုက္ခမော့ရွာသားတယောက်က “သူက မုက္ခမော့ရွာသား၊ အခိုင်ဘက်မှာ ငါးသွားရှာရင်းနဲ့ လက်နက်ကြီး ထိသွားတာ။ သူ့ဘေးနားကို လက်နက်ကြီးကျတော့ ဒဏ်ရာကတော့ တော်တော်ပြင်းထန်တယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အ‌ခြေအနေရှိတယ်။ ညာဘက်လက်သူကြွယ် ပြတ်ပြီး ဗိုက်အူပွင့်တာအပြင် ခြေထောက်ထိတာတွေ ရှိတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ဒီတိုင်းပဲ ရမ်းပစ်နေတာ” လို့ ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသားကို ဒေသခံတွေက သိမ်ဇရပ်တိုက်နယ် ဆေးရုံကို‌ ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်မှာလည်း စစ်ကောင်စီစစ်ကြောင်း‌နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာ‌ကြောင့်  သိမ်ဇရပ်မြို့ထဲနဲ့ ပိန္နဲကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး ရွှေတွင်းအလုပ်သမားတွေအပါအဝင် အရပ်သား ၉ ယောက် သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013