မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှု မှတ်တမ်းဓာတ်ပုံတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က သြဂုတ် ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ABSDF တာဝန်ခံတဦးက “ပြောရရင် ဒီစခန်းသိမ်းတိုက်ပွဲက နာရီပိုင်းလောက်ပဲ ကြာလိုက်တယ်။ ၉ နာရီဝန်းကျင်က စလိုက်တာ ၁၁ လောက်မှာ စခန်းသိမ်းနိုင်လိုက်တယ်။ ကျနော်တို့ တပ်ပေါင်းစုတွေဘက်က အရမ်းကြီး ထိခိုက်မှုတွေတော့ မရှိပါဘူး။ သူတို့ဘက်က အသေအပျောက်စာရင်း အသေးစိတ်ကိုတော့ ဒီကလုပ်ငန်းစဥ်တွေပြီးမှ ထပ်မံထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။
အဆိုပါ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင် ၂၅ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတာဝန်ခံတဦးက “မိုးမိတ်-မန္တလေး လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာတပ်ဖြစ်တဲ့ တွင်းငယ်ရဲစခန်းကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ကားတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ DVB ကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းတွေ အပြင် စစ်ရေးပစ်မှတ်တွေကိုလည်း တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။