Home
မြန်မာသတင်း
သာစည်ရွာ ရဲစခန်းနှင့် စစ်ကိုင်း တင့်ကားတပ်ရင်း တိုက်ခိုက်ခံရ၊ သပိတ်ကျင်း ရဲကင်းစခန်းကို PDF သိမ်းပိုက်
DVB
·
July 29, 2024
Photo - တော်လှန်ရေးပူးပေါင်းအဖွဲ့
Photo - တော်လှန်ရေးပူးပေါင်းအဖွဲ့
Photo - တော်လှန်ရေးပူးပေါင်းအဖွဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ရွာရဲစခန်း ဇူလိုင် ၂၇ ရက် နေ့ခင်း ၁ နာရီက ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ရမ်းသန်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာစည်ရွာသားတဦးက “နေ့ခင်းပိုင်းကနေ စချတာ၊ စပေါက်ကွဲပြီးတော့ ရဲစခန်းဘက်ကလည်း ပြန်ပစ်တဲ့အသံတွေ ကြားရတယ်။ ကျနော်တို့ရွာသားတွေကတော့ တိုက်ပွဲဖြစ်တိုင်း လုံခြုံတဲ့နေရာရှာ ပုန်းရတာပေါ့။ နှစ်ဖက် အထိအခိုက်ကတော့ မသိဘူးဗျ။ ဗုံးသီးချတာရယ် ဒီဘက်က ပြန်ပစ်တာ အဲဒါလောက်ပဲ သိတယ်” လို့ ပြောပါတယ်။

မုံရွာမြို့အရှေ့ဘက်မှာ တည်ရှိတဲ့ သာစည်ရွာမှာ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းနဲ့ အကျဉ်းထောင်လည်း ရှိတယ်လို့ သိရပါတယ်။

Chindwin Brothers အဖွဲ့ တာဝန်ရှိသူက “ကျနော်တို့ ညီ‌နောင်အဖွဲ့ ၆ ဖွဲ့ ပေါင်းပြီး ဒရုန်းသီးချ တိုက်ခိုက်ခဲ့တာပါဗျ။ တိုက်ခိုက်တဲ့နေရာမှာ ဒရုန်းယာဉ် ၃ စီးနဲ့ နေ့ခင်း ၁ နာရီကနေ ညနေ ၃ နာရီအထိ ဗုံးသီး ၉ လုံးချ တိုက်ခိုက်ခဲ့တာ။ စစ်(-) အသေအပျောက်ကတော့ မသိရသေးဘူး။ သူတို့ဘက်ကလည်း ပြန်ပစ်တာရှိတယ်။ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။

အခုတိုက်ခိုက်မှုကို Chindwin Brothers အဖွဲ့၊ ဘုတလင်တိုက်နယ် ၇ အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၄ အဖွဲ့၊ ကျောက်လုံးကြီးအဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၉ အဖွဲ့၊ ဘုတလင် အုပ်ကြီးအဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အနောက်မြောက်ဘက်ရှိ စစ်ကောင်စီ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကိုလည်း ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာမှာ အဆောက်အဦတချို့ ပျက်စီးခဲ့​ကြောင်း Phoenix–Sagaing တော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က Fix Wing Drone ၄ စီး အသုံးပြုပြီး နာရီဝက်ကြာ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ Phoenix–Sagaing အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

“အဲဒီ တင့်ကားတပ်ရင်းမှာ စကစ အဖွဲ့က အင်အား ၁၂၀ လောက် ရှိနေတာ။ Fix Wing Drone ၄ စီးနဲ့ ဗုံးသီး ၉ လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေဆုံးမှုမရှိဘူး ဆိုပေမဲ့ ဒဏ်ရာရတဲ့သူတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ အဆောက်အဦတခုလုံးတော့ ပျက်စီးသွားတယ်။”

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Phoenix –Sagaing, Young Wolf(LPDF), Unicorn Guerrilla Force, Royal Falcon Guerrilla Force, ကြောင်လက်သည်း (ဝက်လက်) နဲ့ နယ်မြေခံ တော်လှန်ရေးအင်အားစုအဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေ ၁၅ ရက်ကလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီ အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းကို ဒရုန်းဗုံး ၆ လုံးချ တိုက်ခိုက်ခဲ့သေးကြောင်း သိရပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်က စစ်ကောင်စီတပ် လက်အောက်ခံ ရဲကင်းစခန်းကို ဇူလိုင် ၂၅ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သေနတ် ၁၂ လက်၊ ကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့​တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “တကောင်းတောင်ပေါ်မှာ စစ်သားနဲ့ ရဲတွေ တပ်စွဲနေတဲ့ ရဲကင်းစခန်းတခုကို ကျနော်တို့ တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်ကတော့ သေဆုံးဒဏ်ရာရတာတွေနဲ့ ထွက်ပြေးသွားကြသူတွေ ရှိပါတယ်” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာ မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းပြီး ပြန်လည်ဆုတ်ခွာလာခဲ့ကြတယ်လို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာထားသလိုပဲ လက်နက်ငယ် သေနတ် ၁၂ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ကျည်အိမ် ၂၈ ခုနဲ့ ကျည်မျိုးစုံပေါင်း ၁,၀၀၀ ကျော် သိမ်းဆည်းရရှိခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲမှုနဲ့ အမှတ် ၃ အထူးတပ်ရင်း အပါအဝင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း သပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ကာ သပိတ်ကျင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုအထိ ရှိလာပြီလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013