စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ရေဦးကားလမ်းပေါ်က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဂိတ်စခန်းဖွင့်ထားတဲ့ မူးတံတားစစ်ဆေးရေးဂိတ်ကို သြဂုတ် ၉ ရက်၊ မနက် ၉ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်သားနဲ့ ပျူစောထီး ၃ ယောက် သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရခဲ့တယ်လို့ Golden Future Force (Shwebo) ဆီကနေ သိရပါတယ်။
Golden Future Force (Shwebo) ရဲ့ စစ်ဆင်ရေးတာဝန်ခံတယောက်က “အဲဒီဂိတ်က ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းကားလမ်းပေါ်မှာဗျ။ ဇီးကုန်းလေးပျူစောထီးကျေးရွာနဲ့နီးတယ်။ စစ်သားနဲ့ ပျူ ၄၊ ၅ ယောက်လောက်စုပြီး ခရီးသွားကားတွေကို ပိုက်ဆံတောင်းစားနေတဲ့ဂိတ်ကို အလစ်ဝင် တိုက်ခဲ့တာပါ။ စစ်သားနဲ့ ပျူ ၃ ကောင်သေတယ်။ ဒဏ်ရာရတဲ့ကောင်တွေလည်းတွေ့ခဲ့တယ်” လို့ DVB ကိုပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကနေ G3 သေနတ် ၁ လက်၊ ကျည် ၁၀၁ တောင့်၊ M1 ကာဘိုင် ၁ လက်နဲ့ ကျည်အတောင့် ၇၀ တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
Golden Future Force (Shwebo) ရဲ့ ပြောရေးဆိုခွင့်ရှိသူက “သူတို့အထိုင်ချထားတဲ့ ဇီးကုန်းလေးပျူရွာနဲ့က မီတာ ၄၀၀ လောက်ပဲဝေးတာဆိုတော့ သူတို့စစ်ကူတွေမလာခင် ရတဲ့ လက်နက်တွေ သိမ်းပြီး ပြန်ဆုတ်ခဲ့ကြတာ။ ကျနော်တို့ဘက်က ပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့သူ မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီ စစ်ဆင်ရေးကို ရွှေဘိုမြို့နယ် တိုက်နယ် ၁ ပကဖ (Golden Future Force-Shwebo) နဲ့ Golden Heroes Force-Shwebo အဖွဲတို့က တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) နဲ့ နယ်မြေခံ ဘီလူးညီနောင်ပကဖအဖွဲ့တို့က ဖြတ်တောက်ရေးကာကင်းအဖြစ် ပူးတွဲ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။