Home
ငြိမ်းချမ်းရေး/စစ်ရေး
ရေဖြူတွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး
DVB
·
July 24, 2024

တနင်္သာရီတိုင်း၊ ရေဖြူမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ကားကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရေဖြူမြို့နယ်အခြေစိုက် ခလရ ၄၀၇ ကနေ စစ်ကောင်စီတပ်သား ၅ ဦး လိုက်ပါလာတဲ့ လိုက်ထရပ်ကားကို ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီက ရေဖြူမြို့တွင်းမှာစောင့်နေတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက RPG၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၁၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပေမဲ့ တဦးက ဒဏ်ရာတွေနဲ့ လွတ်မြောက်ခဲ့ပြီး MA3 ၄ လက်၊ ကျည်ဘောက် ၁၂ ခု၊ အီနာဂါသီး ၇ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၄၀၀ တောင့်နဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ ရရှိခဲ့ပါတယ်။

YPPDF ပြန်ကြားရေးတာဝန်ခံ ကိုဖိုးချောက “စစ်သားတွေက လိုက်ထရပ်ကားနဲ့လာတာကို RPG နဲ့ အရင်ပစ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ ၄ ယောက်သေတယ်၊ တယောက်ကတော့ ပြန်ပစ်ခတ်ပြီး ဒဏ်ရာတွေနဲ့ လွတ်သွားတယ်။ သေနတ် ၄ လက် အပါ ခဲယမ်းတွေ တော်တော်များများ ရလိုက်တယ်။ ကားက လမ်းဘေးထိုးကျပြီး ပစ်ခတ်ခံရတာတွေကြောင့် စုတ်ပြတ်သတ်နေလို့ မယူခဲ့ရဘူး။ ဒီပစ်ခတ်မှုက ရဲဘော်တွေကိုယ်တိုင် စစ်တပ်ရဲ့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်ပြီး စွန့်စားပြီး တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အနီးကပ်မနေဖို့နဲ့ တိုက်ပွဲဖြစ်တာနဲ့ လုံခြုံတဲ့နေရာကို ရွှေ့ပြောင်းနိုင်ဖို့အတွက် အထုပ်အပိုးတွေ ပြင်ဆင်ထားသင့်တယ်လို့ ကိုဖိုးချောက ပြောပါတယ်။

တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဓဝယ်လွတ်မြောက်ရေးတပ်တော် (DNLA) တပ်ခွဲ ၁ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း ရေဖြူမြို့အတွင်းမှာ မော်ရဝတီ ရေတပ်အရာရှိတွေ လိုက်ပါလာတဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရေတပ်အရာရှိ အပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024