Home
မြန်မာသတင်း
ရွှေဘိုနှင့် မုံရွာတွင် စစ်ကြောင်းနှင့်စခန်း တိုက်ခိုက်ခံရပြီး ၇ ဦးသေ
DVB
·
July 27, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ ၇ ယောက် သေဆုံးပြီး  မုံရွာမြို့နယ်၊ အလုံ နမခ စစ်ကောင်စီအထိုင်စခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်က Rocket အပါအဝင် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ခမရ ၁၂ နဲ့ ခြေလျင်စစ်ကြောင်းတွေကို ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်နေ့က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့​ကြတယ်လို့ နယ်စည်းမခြား ရွှေဘိုသား (LPDF) ဆီကနေ သိရပါတယ်။

LPDF ရဲ့ တာဝန်ခံတယောက်က “စစ်ကောင်စီတပ်ရဲ့ ခမရ ၁၂ တပ်ရင်းထဲက ဟောင်ဝှစ်ဇာ လက်နက်ကြီးတွေ အထိုင်ချထားတဲ့နေရာကို Fixed Wings Drone ဒရုန်းတွေနဲ့ ဗုံး ၁၀ လုံး ကြဲချခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခမရ ၁၂ တပ်ရင်းထဲက အဆောက်အဦတချို့ပျက်စီးပြီး စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံး၊ အများအပြားဒဏ်ရာရသွားကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း မခရ ၁၂ အတွင်းက စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး LPDF တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားကြတယ်လို့ သိရပါတယ်။

LPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ရွှေဘို-ကျောက်မြောင်းလမ်းပိုင်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို အုန်းပေါက်ရွာနားမှာ ဒရုန်းတပ်ဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ဒရုန်းနဲ့ဗုံး ၈ လုံး ကြဲလိုက်တာ ၂ ကောင်သေတယ်။ အများအပြားဒဏ်ရာရရှိသွားကြတယ်။ ၂ ရက်ပေါင်းဆိုတော့ သူတို့ဘက်က ၇ ကောင်သေတာပေါ့။ တဆက်တည်းမှာပဲ ကျနော်တို့ပြုလုပ်မယ့် ဒရုန်းကမ်ပိန်းလေးကိုလည်း ပြည်သူတွေအနေနဲ့ပါဝင်ပေးကြပါဦးဗျာ” လို့ ပြောပါတယ်။

ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို နယ်စည်းမခြားရွှေဘိုသား LPDF ဒရုန်းတပ်ဖွဲ့၊ ရွှေဘို-တာနောယက္ခ ဒရုန်းတပ်ဖွဲ့၊ Black Wolf ဒရုန်းတပ်ဖွဲ့နဲ့ ခင်ဦးမြို့နယ် နဂါးညီနောင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်​တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာတော့ အလုံနမခစစ်ကောင်စီအထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး  ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းမှာ Rocket အပါအဝင် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ချိုမိုင်မိုင် (ကနီ) အဖွဲ့၊ ကျောက်လုံးကြီး အဖွဲ့၊ ချင်းတွင်းရှော့ကပ်ညီနောင်(BRA)အဖွဲ့၊ Chindwin Brothers အဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၂၇ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ChindwinBrothers အဖွဲ့  တာဝန်ရှိသူက “ကျနော်တို့  မနေ့ညနေက နမခ လေယာဉ်ကွင်း၊ နမခ အားကစားကွင်း၊ နမခ ထောက်ပို့တပ်နေရာများကို မောင်းသူမဲ့လေယာဉ်များနဲ့ဗုံးသီးချပြီး ရော့ကက်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်(-)အသေအပျောက်ကတော့ မသိရဘူးသေးဘူး။ ကျနော်တို့အဖွဲ့တွေကတော့ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့  နမခအထိုင်စခန်းကို ပစ်ခတ်ခံရတိုင်း နမခအထိုင်စခန်းအနီးက ကျေးရွာတွေဆီ စစ်ကြောင်းထိုးပြီး ရွာသားတွေကို ဖမ်းဆီးရိုက်နှက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပလ္လင်ရွာ ဒေသခံတယောက်က “မနေ့က တော်လှန်ရေးအဖွဲ့တွေ နမခဘက်ပစ်ခတ်တဲ့အသံ တွေကတော့ ကြားရတယ်ဗျ။ သူတို့ပစ်ခတ်တိုင်း စစ်ကောင်စီဘက်က ကျနော်တို့ရွာဘက်က ဒေသခံ တွေကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ထင်ကြေးနဲ ဖမ်းဆီးတယ်။ ရိုက်နှက်တယ်။ အဲလိုတင်မကဘူး။ ရွာကိုပါ မီးရှို့တာတွေပါ လုပ်တယ်ဗျ။ အကိုလည်း စဉ်းစားကြည့်လေဗျာ။ ကျနော်တို့အရပ်သားတွေက လက်နက်ကိုင်တဲ့သူ မှန်သမျှ အကုန်ကြောက်‌နေရတာလေဗျာ။ တဖက်ကလည်း သူတို့သတင်းမပေးလို့၊ အသိမပေးလို့ဆိုပြီး ရိုက်နှက်၊ ဖမ်းဆီး၊ ရွာမီးရှို့တာတွေလုပ်တယ်။ အရပ်သားတယောက်အနေနဲ့ စဉ်းစဉ်းစားစားလေး လုပ်ကြပါဦး။ ကျွဲနှစ်ကောင်ခတ်ရာ မြေစာပင်မခံနိုင်ဖြစ်‌နေရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ နမခအထိုင်စခန်းကို ကာကွယ်ရေးတပ်က  လက်နက်ကြီး၊ ဒရုန်း၊ Rocket နဲ့ လာရောက်ပစ်ခတ်လို့ နမခအနီးက ကြီးဗဒုံရွာ၊ ရေကန်စုရွာစတဲ့ ပြည်သူကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။၊

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013