ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းက စစ်ဘေးရှောင်နေတဲ့ စစ်ဘေးရှောင်စခန်းတွေက ပြည်သူတွေဟာ ဆန်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းတခုရဲ့ တာဝန်ခံတဦးက “အဓိက ဆန်ပြတ်တော့မယ့် ပြဿနာပေါ့ဗျာ။ ဆီစျေးကြီးတာက တကြောင်း၊ တိုက်ပွဲတွေ ဖြစ်နေတာကတကြောင်း ပြည်မဘက်ကို ကားတွေ မထွက်ကြတော့ စစ်ရှောင်စခန်းတွေမှာ ရိက္ခာပြတ်တာပေါ့။ အရင်တုန်းကလို အလှူရှင်တွေလည်း သိပ်မရှိကြတော့ဘူး” လို့ DVB ကို ပြောပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်စခန်းတွေက စစ်ဘေးရှောင်တွေဟာ ရာသီတုပ်ကွေး၊ ငှက်ဖျားနဲ့ ဝမ်းရောဂါတွေ ခံစားနေကြရတဲ့အတွက်လည်း ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်စခန်းရဲ့ CDM ဆရာဝန်တဦးက “စစ်ရှောင်စခန်းတွေမှာ ကြာတော့ ဆေးဝါးလည်း အခက်အခဲတွေရှိတယ်။ လူဦးရေတွေ များတော့လေ ရောဂါတခုဖြစ်လိုက်ရင် အရမ်းကူးစက်မြန်တယ်။ ပြီးခဲ့တဲ့လတည်းက ဖြစ်လိုက်တဲ့ ဝမ်းရောဂါကြောင့် ဆေးဝါးမပြည့်စုံ မလုံလောက်လို့ စစ်ဘေးရှောင်တွေထဲက သေဆုံးရတာတွေ ရှိခဲ့တယ်” လို့ ပြောပါတယ်။
မတူပီမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ပြည်သူ ၃,၀၀၀ ဝန်းကျင် ရှိနေပြီး တိုက်ပွဲတွေ ဖြစ်ပွားနေသေးတဲ့အပြင် စစ်ကောင်စီတပ်က မတူပီမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက်လည်း စစ်ဘေးရှောင် ပြည်သူတွေဟာ နေရပ်မပြန်နိုင်ကြသေးတာလို့လည်း သိရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဒေသတွင်း CDF ပူးပေါင်းအဖွဲ့တွေနဲ့ အာရက္ခတပ်တော် (AA) အပါအဝင် မဟာမိတ်အဖွဲ့တွေက ဇွန် ၉ ရက်ကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၂၀ အကြာ ဇွန် ၂၉ ရက်မှာတော့ မတူပီမြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။