ဧရာဝတီတိုင်း၊ လေးမျက်နှာနဲ့ သာပေါင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေဆဲ ဖြစ်ပြီး စာသင်ကျောင်း ၁၈ ကျောင်းနဲ့ နေအိမ် ၂၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းထဲက သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်တွေမှာ ဒါးကနဲ့ ငဝန်ဖြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးမှုရေလျှံမှု ဖြစ်ပွားတာ ၂ ပတ်ကျော်အထိ ရှိလာပြီး နေအိမ် ၂၀၀ ကျော်နဲ့ စာသင်ကျောင်း ၁၈ ကျောင်း သြဂုတ် ၇ ရက်အထိ ပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။
ပညာရေးဝန်ထမ်းတယောက်က “လေးမျက်နှာမြို့နယ် တခုလုံးအနေနဲ့ ရေစတင်ကြီးချိန်ကတည်းက ကျောင်းပေါင်း ၃၇ ကျောင်းအထိ ပိတ်ခဲ့ရတာပါ။ လက်ရှိမှာ တချို့ကျောင်းတွေတော့ ပြန်ဖွင့်နိုင်ပြီ။ ပိတ်ထားရဆဲ ကျောင်းကတော့ ၁၈ ကျောင်း ကျန်နေသေးတယ်။ ပြန်ဖွင့်ဖို့ အဆင်ပြေတဲ့ ကျောင်းတွေတော့ ပြန်ဖွင့်နေပါပြီ” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်မှာ အောင်တက်၊ လှေကြီးတက်၊ ငဝန်ဒေါင့်ကြီး၊ ကွင်းပေါက်၊ ဘုရားကုန်း စတဲ့ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ အများဆုံး ဖြစ်ပေါ်နေဆဲဖြစ်ပြီး လေးမျက်နှာမြို့နယ်မှာ စာသင်ကျောင်း ၁၈ ကျောင်း ပိတ်ထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
သာပေါင်းဒေသခံတယောက်က “သာပေါင်းမှာ ရေက ပြန်ကိုမကျသေးတာ။ မိုးကလည်း ရပ်သွား ခဏပဲ။ ရေက ပြန်မကျတော့ ဘယ်မှ သွားလာမရ ဖြစ်နေတာ။ အစားအစာနဲ့ရေက နေ့တိုင်းသုံးနေရတာ ဆိုတော့ အဲဒါတွေ အကူအညီလိုနေတာ” လို့ ပြောပါတယ်။
မြစ်ရေမြင့်တက်မှုကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေရဲ့ ပိတ်ရက်တွေကို မြစ်ရေ ပြန်လည်ကျဆင်းချိန်မှာ ကျောင်းတွေပြန်ဖွင့်ပြီး အပတ်စဉ် တနင်္ဂနွေနေ့နဲ့ ဥပုသ်နေ့တွေမှာ ပြန်လည်အစားထိုး ဖွင့်လှစ်သင်ကြားသွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် လေးမျက်နှာနဲ့ သာပေါင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာပါက မြစ်ရေကြီးမှု မလျော့ကျနိုင်သေးတာကြောင့် သတိနဲ့ နေထိုင်ကြဖို့ လူမှုကူညီရေးအဖွဲ့တွေက အကြံပြုထားတယ်လို့ သိရပါတယ်။