အစ္စရေး ချန်နယ်လ် 12 သတင်းလိုင်းကနေ လတ်တလော ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဟာ ပါလက်စတိုင်း ဟားမတ်စ် အကျဉ်းသားတဦးကို အစ္စရေးစစ်သားတွေက လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု ပြသနေပါတယ်။
တည်းဖြတ်ထားတဲ့ ဗီဒီယိုထဲမှာ စစ်သားတွေက ပါလက်စတိုင်း အကျဉ်းသားတဦးကို အဝေးကို ခေါ်ဆောင်သွားပြီး သူ့ကို ဝိုင်းပိတ်ထားကာ မြင်ကွင်းကွယ်အောင် ဒိုင်းတွေနဲ့ ကာထားတာကိုလည်း ပြထားပါတယ်။ ဒီအမှုမှာ သံသယရှိသူ ၅ ဦးကို ဖမ်းဆီးထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေး လူ့အခွင့်အရေးအဖွဲ့ B'Tselem ရဲ့ အစီရင်ခံစာအရ အစ္စရေးဟာ ဂါဇာစစ်ပွဲ စတင်ချိန်ကတည်းက အကျဉ်းသားတွေအပေါ် အလွဲသုံးစားပြုမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုဆိုင်ရာ စနစ်တကျမူဝါဒကို ချမှတ်ခဲ့ပြီး ပါလက်စတိုင်း အကျဉ်းသားတွေကို မတရား အကြမ်းဖက်မှုကနေ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုမူခြင်းအထိ နိုင့်ထက်စီးနင်း ကျင့်ကြံခဲ့တယ်လို့ ဆိုထားပါတယ်။
သြဂုတ် ၅ ရက်က ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာဟာ အောက်တိုဘာ ၇ ရက် စစ်ပွဲ အပြီးကတည်းက အစ္စရေးအကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အစ္စရေးလူမျိုးတွေ၊ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းတို့က အဖမ်းခံရတဲ့ ပါလက်စတိုင်း အကျဉ်းသား ၅၅ ယောက်တို့ရဲ့ အင်တာဗျူးတွေအပေါ် အခြေခံထားတာလို့ ဆိုပါတယ်။
ပါလက်စတိုင်း အကျဉ်းသားတွေကို ချုပ်နှောင်ထားတဲ့ ထိန်းသိမ်းရေးစခန်းတချို့ကို အုပ်ချုပ်နေတဲ့ အစ္စရေးစစ်တပ်ကတော့ သူတို့ဟာ တရားဥပဒေစိုးမိုးမှုအတိုင်း လုပ်ဆောင်နေပြီး အတိအကျ တိုင်တန်းတဲ့ အလွဲသုံးစားပြုမှုတွေကို စုံစမ်းစစ်ဆေးနေကြောင်း ပြောပါတယ်။
အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ IDF ဟာ ထိန်းသိမ်းရေးစခန်းတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အပါအဝင် စနစ်တကျ အလွဲသုံးစားပြုမှု လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ပယ်ချပါတယ်လို့ ပြောကြားပြီး ဥပဒေနဲ့အညီ အဆောက်အအုံတွေ လည်ပတ်နေပုံကို သိရှိဖို့ စောင့်ကြည့်ရေးစက်တွေ ထားထားကြောင်းလည်း ဆိုပါတယ်။
အစ္စရေးအကျဉ်းထောင်ဌာန ပြောရေးဆိုခွင့်ရှိသူကလည်း အကျဉ်းသားအားလုံးကို ဥပဒေနဲ့အညီ ဆက်ဆံပြီး အခြေခံရပိုင်ခွင့်အားလုံးကို ကျွမ်းကျင်စွာ လေ့ကျင့်ထားတဲ့ အစောင့်တွေက အပြည့်အဝ ကျင့်သုံးကြောင်း ပြောပါတယ်။
ဂါဇာစစ်ပွဲအတွင်း အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်တွေ အကြိမ်ကြိမ် ပေါ်ထွက်ခဲ့ပြီး ၁၀ လတာ ကြာမြင့်နေတဲ့ စစ်ပွဲအတွင်း အပြုအမူတွေကြောင့် အစ္စရေးနိုင်ငံအပေါ် နိုင်ငံတကာဖိအားတွေ တိုးလာနေတာ ဖြစ်ပါတယ်။
Source-Reuters