အမျိုးသမီး နည်းပြနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုနဲ့ အင်္ဂလန်နည်းပြ တယောက်ကို အက်ဖ်အေက ၄ နှစ် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဝစ်ခမ်ဘီနဲ့ မီဝေါလ်ကစားသမားဟောင်းဖြစ်သူ အင်္ဂလန်နည်းပြ ဒမ်နီယယ်ဆန်ဒါဟာ အခင်းဖြစ်ပွားချိန်က ချာလ်တန်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူနေတာ ဖြစ်ပါတယ်။
အမျိုးသမီးနှစ်ယောက်ဟာ နည်းပြသင်တန်းခေါင်းဆောင်တွေဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လအတွင်း ဗြိတိန်ပြင်ပ တခြားနိုင်ငံက ဘားတစ်ခုမှာ ဒီကိစ္စဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပေါ် နည်းပြ ဒမ်နီယယ်ဆန်ဒါကိုယ်တိုင်က တောင်းပန် စကားဆိုခဲ့ပေမဲ့ ဖြစ်ရပ်အပေါ် မှတ်မိခြင်းမရှိတော့ကြောင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ကျူးလွန်ခံရသူအမျိုးသမီးတွေက အင်္ဂလန်ပြန်ရောက်ချိန်မှာ အက်ဖ်အေကို တိုင်ကြားခဲ့တာပါ။
အင်္ဂလန်အက်ဖ်အေ ဘက်ကတော့ ဘောလုံးလောကအတွင်းမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပေါ် လုံးဝသီးခံမှာ မဟုတ်ကြောင်း၊ အမျိုးသမီးတွေဟာ အင်္ဂလန်ဘောလုံးအသိုက်အဝန်းမှာ အကြောက် တရားကင်းကင်းနဲ့ လွတ်လပ်စွာ ပါဝင်လုပ်ကိုင်နိုင်ခွင့်ပေးရမှာ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
နည်းပြဆန်ဒါကို မူလက ၆ နှစ်အထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပေမဲ့ ၄ နှစ် ပွဲပယ်အဖြစ် လျှော့ချခဲ့တာ ဖြစ်ပါတယ်။