ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကို အကြံပေးအရာရှိချုပ် (chief advisor) အဖြစ်နဲ့ ဦးဆောင်မှာဖြစ်ပါတယ်။
ယူနွတ်ဟာ ဂရာမင်းဘဏ် ထူထောင်ပြီး အသေးစားချေးငွေလုပ်ငန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲတွင်းကလွတ်ဖို့ ကူညီပေးခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရထားသူဖြစ်ပါတယ်။
ဒါပေမဲ့ တိုင်းပြည်ကထွက်ပြေးခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာစီနာကတော့ ပါမောက္ခ ယူနွတ်ကို ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ထားပြီး အမှုတွေပါ စွဲဆိုထားပါတယ်။ လက်ရှိမှာ ယူနွတ်ဟာ ထောင် ၆ လ ပြစ်ဒဏ်ချမှတ်ခံထားရပြီး အယူခံတက်ထားရပါတယ်။
ယူနွတ်ကတော့ ဒီအမှုဟာ နိုင်ငံရေးအရ လုပ်ကြံထားတာလို့ တုံ့ပြန်ထားပါတယ်။
ဆန္ဒပြ ကျောင်းသားခေါင်းဆောင်တွေဟာ စစ်တပ်ဦးဆောင်တဲ့ ကြားဖြတ်အစိုးရမျိုး မလိုလားတဲ့အတွက် ယူနွတ်က ဦးဆောင်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
သမ္မတ မိုဟာမက်ရှာဟာဘူဒင်၊ စစ်ခေါင်းဆောင်တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ ယူနွတ်ကို ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ်အဖြစ် ခန့်အပ်ဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
“ဒီလောက်ပေးဆပ်ထားရတဲ့ ကျောင်းသားတွေက ကျနော့်ကို ဒီလိုခက်ခဲတဲ့အခိုက်အတန့်မှာ ဝင်ပေးဖို့ တောင်းဆိုတာကို ငြင်းဖို့ ဖြစ်နိုင်ပါ့မလား” လို့ ယူနွတ်က ဆိုပါတယ်။
ပါရီမှာ ဆေးကုသမှုခံနေတဲ့ ယူနွတ်ဟာ ဒါကာကို ပြန်လာပြီလို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေရဲ့ မိသားစုတွေကို အစိုးရရာထူးနေရာ ၃၀ ရာခိုင်နှုန်းအထိ ခွဲတမ်းပေးတဲ့ကိစ္စကို ဆန့်ကျင်ရာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။
နောက်ပိုင်းမှာ အရပ်ရပ်မကျေနပ်မှုတွေကို ဖော်ကျူးတဲ့ အထွေထွေဆန္ဒပြပွဲကြီး အသွင်ဆောင်လာခဲ့သလို အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့တာကြောင့် အခြေအနေတွေ ရှုပ်ထွေးခဲ့ပါတယ်။
သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့အပြီး နောက်ပိုင်းမှာ စစ်တပ်ခေါင်းဆောင်တွေက ဆန္ဒပြသူတွေကို အင်အားသုံး သတ်ဖြတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါကြောင့် ဝန်ကြီးချုပ် ဟာစီနာ ပြည်ပကို ထွက်ပြေးခဲ့ရပြီး ကြားဖြတ်အစိုးရဖွဲ့ဖို့နဲ့ ရွေးကောက်ပွဲပြန်လုပ်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။
Source-Reuters