ဆူဒန်နိုင်ငံမှာ မြောက်ပိုင်းဒါဖှာဒေသရှိ အနည်းဆုံး တနေရာမှာ ကြုံနေရတဲ့ အငတ်ဘေးကို တိုက်ဖျက်ဖို့အတွက် နယ်စပ်ဖြတ်ကျော်မှုတွေ၊ စစ်မြေပြင်လိုင်းတွေ၊ လေကြောင်း၊ ကုန်းကြောင်း တို့ကနေ လူသားချင်းစာနာမှုအကူအညီတွေ ပေးကြဖို့ ကုလသမဂ္ဂအကြီးတန်းအရာရှိတွေဟာ လုံခြုံရေးကောင်စီကို သြဂုတ် ၆ ရက်မှာ ပန်ကြားခဲ့ပါတယ်။
ဆူဒန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး အလ်ဟရစ်သ်အစ်ဒရစ်စ် အလ်ဟရစ်သ် မိုဟာမဒ် က “အစားအစာ ခေါင်းပါးမှုဖြစ်ရင်၊ ဆူဒန်က ကုလသမဂ္ဂနဲ့ ပူးပေါင်းဖို့ အဆင်သင့်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် နယ်စပ်ဖြတ်ကျော်ဂိတ်တွေကို လည်း ဖွင့်ပေးမယ်။ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပိတ်ပင်ထားတဲ့ အစိုးရ မဟုတ်ပါကြောင်းလည်း ဂုဏ်ယူစွာ တင်ပြချင်ပါတယ်” လို့ ကောင်စီမှာ ပြောကြားခဲ့ပါတယ်။
အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီအဖွဲ့ဟာ ချက်နိုင်ငံမှ အားဒရေးမြို့လို နယ်စပ်ဖြတ်ကျော်ဂိတ်တွေကနေတဆင့် အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ အမေရိကန်က ပြီးခဲ့တဲ့လမှာ အကြံပြုထားပါတယ်။
ဒါပေမဲ့ဆူဒန်ရဲ့ စစ်တပ်ဖက်လိုက်တဲ့ အစိုးရနဲ့ ကောင်စီမှာ ဗီတိုအာဏာ ကိုင်စွဲထားတဲ့ ရုရှားတို့က လုံခြုံရေးကောင်စီ အရေးယူစရာမလိုအပ်ဘူးလို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဆူဒန်နိုင်ငံမှာ ၁၅ လကျော်ကြာ စစ်ပွဲနဲ့ အကူအညီတွေ ပို့ဆောင်မှုအပေါ် ကန့်သတ်ချက်တွေကြောင့် မြောက်ပိုင်းဒါဖှာရှိ ဇမ်ဇမ်စခန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ အတွက် အငတ်ဘေးဖြစ်စေခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု စောင့်ကြည့်ရေးအဖွဲ့ (IPC) က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။ ဆူဒန်အစိုးရက အဲဒီပြောကြားချက်ကို ပယ်ချခဲ့ပြီး ရုရှားက ဆူဒန်အငတ်ဘေးအပေါ် သံသယရှိနေပါတယ်။
ဇမ်ဇမ်စခန်းဟာ ဒါဖာဒေသ အရန် အမြန်ထောက်ပံ့ရေးတပ် RSF ရဲ့ နောက်ဆုံး သိသာထင်ရှားတဲ့ ခြေကုပ်စခန်းဖြစ်ပါတယ်။
RSF ဟာ အဲဒီဧရိယာကို ဝိုင်းရံထားပြီး ပျံ့နှံ့နေတဲ့ စခန်းဆီ ဘာအကူအညီတွေမှ လနဲ့ချီ ရောက်မလာခဲ့ပါဘူး။
အငတ်ဘေး ကြုံလာပြီ ဆိုတဲ့အခါ နောက်ကျသွားပြီ၊ နိုင်ငံတကာ အသိုက်အဝန်းက လုံလောက်အောင် မလုပ်ဆောင်ခဲ့လို့ မအောင်မြင်ဘူးလို့ ဆိုလိုတာပါလို့ ကုလသမဂ္ဂ အကြီးတန်း အကူအညီပေးရေး အရာရှိအေဒမ်ဗိုဆိုးရ်နူက လုံခြုံရေးကောင်စီကို ပြောကြားခဲ့ပါတယ်။
Source-Reuters