ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ တပ်မဟာ ၆ နယ်မြေမှာ ဩဂုတ် ၆ ရက်က အခြေခံစစ် သင်တန်းဆင်းပွဲပြုလုပ်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေး တပ်တော်(MLA) တာဝန်ရှိသူဆီက သိရပါတယ်။
စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ မဟာလူမျိုးကြီးဝါဒပျက်သုဉ်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နိုင်ဖို့ အရည်အသွေးနဲ့ စည်းကမ်းပြည့်ဝတဲ့ ရဲဘော်တွေများစွာ ပေါ်ထွက်လာစေဖို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်က ရဲဘော်တွေပါ အခြေခံစစ်ပညာသင်တန်း တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်လွတ်မြောက်ရေး တပ်တော်(MLA) စစ်အရာရှိရုံး၊ မဟာမိတ်ဆက်ဆံရေးဌာန(ဌာနမှူး) ဗညားမင်းကန်စီက “ဆုံးရှုံးသွားတဲ့အခွင့်အရေးကို ပြန်လည်ရရှိဖို့ လက်နက်ကိုင်ပြီး တော်လှန်တဲ့နေရာမှာ ကျနော်တို့အတွက် ဘာအကြောင်းပြချက်မှမရှိဘူး”လို့ ပြောပါတယ်။
မွန်လူထုတွေအနေနဲ့ အဆုံးထိတော်လှန်သွားဖို့ ဘာမှတွန့်ဆုတ်နေစရာမလိုဘဲ ဆက်လက်ချီတက်ပြီး လိုအပ်တဲ့ပန်းတိုင်ကို အရယူကြဖို့လည်း တိုက်တွန်းထားပါတယ်။
လက်ရှိမှာလည်း မွန်-ကရင်နယ်စပ် တလျှောက်က ကျေးရွာတွေမှာ မွန်ပြည်လွတ်မြောက်ရေး တပ်တော်(MLA)ဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အတူ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
မွန်-ကရင်နယ်စပ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာကြောင့် ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတယ်လို့ မွန်ပြည်လွတ်မြောက်ရေး တပ်တော်(MLA)တာဝန်ရှိသူက ပြောပါတယ်။
မွန်-ကရင်နယ်စပ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ဗုံးကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံ ၁ သိန်းလောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရဆဲလို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။