Home
မြန်မာသတင်း
စစ်အာဏာရှင်ပျက်သုဉ်းသည်အထိ တိုက်ခိုက်မည်ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော်ပြော
DVB
·
March 27, 2024
kawt-2632024

စစ်အာဏာရှင်စနစ်ပျက်သုဉ်းတဲ့အထိ စစ်ကောင်စီရဲ့ တပ်စခန်းမှန်သမျှကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမယ်လို့  မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တာဝန်ရှိသူက ပြောပါတယ်။

မတ် ၂၄ ရက်ကစတင်ပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာရဲစခန်းကို မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ KNLA၊  PDF ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။

ကော့ဘိန်းရဲစခန်းဟာ မွန်-ကရင်နယ်စပ်မှာရှိပြီး စစ်ကောင်စီအတွက် အရေးပါတဲ့စခန်းဖြစ်ကာ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ အခိုင်အမာတပ်စွဲနေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ မတ် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲလောက်မှာ ကော့ဘိန်းရဲစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲဟာ မွန်၊ ကရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုဖွဲ့ခိုင်မြဲတဲ့ ပထမဦးဆုံး တိုက်ပွဲနဲ့ အောင်ပွဲဖြစ်တယ်လို့  MLA မဟာမိတ်ဆက်ဆံရေးဌာန  တာဝန်ခံ မင်းကန်စီက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် စစ်သင်္ဘောတွေက ဂျိုင်းမြစ်ကနေ လက်နက်ကြီးပစ်ကူပေး ပစ်ခတ်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ယောက်အပြင် အမျိုးသမီးနဲ့ ကလေးငယ် တွေအပါအဝင် လက်နက်ချအညံ့ခံခဲ့ကာ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်း ရမိခဲ့ပါတယ်။

ပြည်သူတွေထိခိုက်မှုမရှိအောင်နဲ့ ပျက်စီးဆုံးရှုံးမှုနည်းအောင် ရက်တိုတိုနဲ့ မြန်မြန်ဆန်ဆန် တိုက်ခိုက်ခဲ့ရတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မဟာမိတ်ဆက်ဆံရေးဌာန တာဝန်ရှိသူ မင်းကန်စီက  ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ  သုံးဦးထိမှန်ဒဏ်ရာရရှိပြီး နေအိမ် သုံးလုံးမီးလောင်ကာ ကော့ဘိန်းအထက်တန်းကျောင်း ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါအပြင် ဒေသခံ ၂၀၀၀ ကျော်ဟာ သံလှယ်၊ ကျောင်တောင်နဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီက လေကြောင်းကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ  နှစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း နီးစပ်ရာ ကျေးရွာတွေကို ဗုံးလိုက်ကြဲနေတဲ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်တင်းနေတယ်လို့  စစ်ရှောင်အရေး လေ့လာစောင့်ကြည့်သူတဦးက ပြောပါတယ်။

မတ် ၂၅ ရက်ကလည်း  ကော့ကရိတ်မြို့တွင်းမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်‌ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် တောင်ပေါ်ကျောင်းအနောက်ဘက်မုခ်ဝအနီးက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ 

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013