မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တာတိုပစ်ဒုံးလက်နက်အသစ် ၂၅၀ ကို ရှေ့တန်းကိုပို့ဖို့ ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ KCNA မီဒီယာက သတင်းထုတ်ပြန်ပါတယ်။
ဒီဒုံးလက်နက်တွေဟာ သူတို့နိုင်ငံကို ခြိမ်းခြောက်ဖို့ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံကလည်း ပြောဆိုထားပါတယ်။
ဒီဒုံးလက်နက်တွေကို ကင်မ် ကိုယ်တိုင် ဒီဇိုင်းထုတ်ပေးထားတာဖြစ်ပြီး ခေတ်သစ် တိုက်ခိုက်ရေးလက်နက် တခုအဖြစ် ဒေသခံမီဒီယာတွေက ဖော်ပြကာ တောင်၊ မြောက် နယ်စပ်ကို ပို့ပေးမှာဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လက နည်းပညာသစ်ဖြစ်တဲ့ ဒီ တာတိုပစ် ဒုံးလက်နက်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့လည်း ကြေညာထားပါတယ်။
TBM ဒုံးလက်နက်တွေဟာ ကီလို ၃၀၀ အောက် အကွာအဝေးကို တိုက်ခိုက်နိုင်ပြီး ရွှေ့ပြောင်းရ လွယ်ကူကာ ဓာတု၊ ဇီဝ၊ နျူးကလီးယား စတဲ့ထိပ်ဖူးတွေ ပြောင်းလဲအသုံးပြုနိုင်တဲ့ နည်းပညာသစ် လက်နက်တမျိုး ဖြစ်ပါတယ်။
“ဒီဒုံးလောင်ချာတွေဟာ နည်းလမ်းအမျိုးမျိုး အသုံးပြုနိုင်ပါတယ်။ တိုက်ခိုက်မှုနဲ့ တောင်ကိုရီးယားနိုင်ငံကို ခြိမ်းခြောက်မှု ပြုလုပ်ဖို့လည်း သုံးလို့ရပါတယ်” လို့ တောင်ကိုရီးယား ပြောရေးဆိုခွင့်ရှိသူ လီက ပြောပါတယ်။
ဒီလက်နက်တွေကို တောင်၊ မြောက် နယ်စပ်မှာသာ ထားမယ်ဆိုရင် အကွာအဝေးကို လျှော့ချနိုင်မှာဖြစ်လို့ ထိထိရောက်ရောက် အသုံးချနိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။
ဓာတ်ပုံအချက်အလက်တွေအရ ညအချိန်မှာပြုလုပ်တဲ့ ဒီအခမ်းအနားကို ကင်မ် တက်ရောက်ခဲ့ပြီး ဒုံးလက်နက်တွေ တပ်ဆင်ထားတဲ့ ကားတွေအများအပြား စီတန်းရပ်ထားတာကို မြင်တွေ့ရပါတယ်။
အဲဒီပွဲမှာ ကင်မ်က စစ်အင်အားတိုးတက်အောင် အင်အားဖြည့်တင်းနေတဲ့အချိန် နျူးကလီးယားစစ်တပ် တည်ထောင်တာကို ပိတ်ပင်ထားတဲ့ အမေရိကန်ကို အပြစ်တင်ခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက် ပြုလုပ်နေတာက တရားမဝင်ကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်လာနိုင်ကြောင်း တောင်ကိုရီးယား ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။
Source-Reuters