မြောက်ကိုရီးယားနိုင်ငံရဲ့ ဆင်းန်အွီဂျူမြို့နဲ့ တရုတ်နိုင်ငံနယ်စပ်အနီးရှိ ပြုံယမ်းခရိုင်မှ ဝီးကီနယ်မြေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ၄,၀၀၀ ကျော် ရေကြီးရေလျှံဖြစ်နေပြီး ရေဘေးသင့်ဒေသတွေကို ခေါင်းဆောင် ကင်မ်ဂျုံအန်း သွားရောက်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဇူလိုင် ၃၁ ရက်မှာ ကြေညာပါတယ်။
ရေကြီးနေတဲ့ ဒေသတွေကို ရော်ဘာလှေနဲ့သွားရောက်ပြီး ရထားပေါ်မှာလည်း အစည်းအဝေး ကျင်းပနေတဲ့ ကင်မ်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကို KCNA က ထုတ်ပြန်ခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ ပျက်စီးဆုံးရှုံးမှုအတွက် အလွန်စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဘေးဒဏ်သင့်ဒေသတွေကို ပြန်လည်ထူထောင်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ကြောင်းလည်း KCNA က ပြောကြားခဲ့ပါတယ်။
ပြည်သူ့အဆောက်အဦတွေ၊ စက်ရုံတွေ၊ လမ်းတွေ အများအပြားနဲ့အတူ လယ်မြေဧက ၃,၀၀၀ လောက်ပါ ရေနစ်မြုပ်ခဲ့တာကြောင့် ဒီသီတင်းပတ် အစောပိုင်းမှာ အာဏာရ အလုပ်သမားပါတီရဲ့ သြဇာကြီးတဲ့ ပေါ်လစ်ဗျူရိုက ၂ ရက်ကြာ အရေးပေါ်အစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း အစီရင်ခံချက်မှာ ဆိုပါတယ်။
မကြာသေးတဲ့ရက်တွေအတွင်း အပူပိုင်းမုန်တိုင်း ဂယ်မီကြောင့် အဲဒီဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်းမှာ လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့ကာ တခြားနေရာတွေမှာ ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Source-Reuters