Home
မြန်မာသတင်း
တိုက်ပွဲကြောင့် လားရှိုးထောင်မှ အကျဉ်းသားများ ၄ ရက်ခန့် အစာငတ်
DVB
·
August 5, 2024

တိုက်ပွဲတွေကြောင့် လားရှိုးအကျဉ်းထောင်မှာ ၄ ရက်လောက် အစာငတ်ခဲ့ရတယ်လို့  လားရှိုး အကျဉ်းထောင်ကနေ လွတ်မြောက်လာသူဆီက သိရပါတယ်။

လားရှိုးအကျဉ်းထောင်ကနေ လွတ်မြောက်လာသူတဦးက “တိုက်ပွဲဖြစ်လာတော့ ဘယ်သူမှ ထမင်းချက်မကျွေးတော့ဘူး။ ထမင်းမစားရလို့ အာဟာရပြတ်ပြီး သေသူကသေ၊ ဖျားလို့ သေသူကသေ။ ထောင်ထဲမှာ အလောင်းတွေ ဒီအတိုင်းပဲ။ အလောင်းတွေမှ အများကြီး” လို့ ပြောပါတယ်။

ထောင်ဝန်ထမ်း အကြီးပိုင်းတွေကတော့ တိုက်ပွဲဖြစ်လာတာနဲ့ စစ်တပ် (ရမခ) ဘက် ထွက်ပြေးသွားတယ်လို့ သိရကြောင်း သူက ပြောပါတယ်။

“တိုက်ပွဲတအားဖြစ်လာတော့ ထောင်သော့တွေ အထပ်ထပ်ခတ်ခဲ့ပြီး ထောင်လူကြီးတွေက ထွက်ပြေးသွားတယ်။ ယောက်ျားလေးအဆောင်ဘက်က လူတွေ အရင် သူတို့ နံရံ၊ တံခါးတွေကို ရိုက်ဖောက်ပစ်တယ်။ ပြီးကျမှ မိန်းကလေးအဆောင်ဘက် တံခါးတွေကို ပြန်လာရိုက်ဖွင့်ပေးတာ။ အဲဒီ လေးထောင့်တံခါး သေးသေးလေးနား ရောက်တော့ စစ်ဝတ်စုံ ပြောက်ကျားဝတ်တဲ့ စစ်သားတွေက တံခါးကို ပြန်ရိုက်ဖွင့်ပေးတယ်။ PDF တွေထင်တယ်” လို့ သူက ရှင်းပြပါတယ်။

သူ တွေ့ခဲ့သလောက် ထောင်မှာ စောင့်ကျန်ခဲ့တဲ့ ထောင်ဝန်ထမ်းတွေထဲက အသက်ရှင်တာ ၃ ယောက်ပဲရှိပြီး သူတို့ ၃ ယောက်ကို ကိုးကန့်စစ်သားတွေက လက်ထိတ်ခတ်ပြီး ခေါ်သွားတယ်လို့ သူက ပြောပါတယ်။

“အသက်ရှင်နေတဲ့ ၃ ယောက်ကတော့ ထောင်မှာစောင့်ကျန်ခဲ့တဲ့ ဝန်ထမ်းတွေထဲက နည်းနည်း ရာထူးကြီးပိုင်းပေါ့နော်။ ကျန်တဲ့သူတွေ အကုန်သေသွားတယ်။ အလောင်းတွေက ဒီအတိုင်းပဲ ထားခဲ့တယ်။ ဘယ်သူမှမကောက်ဘူး။”

ထောင်ကလူတွေအားလုံးကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဟိုတယ်ကို ခေါ်သွားပြီး တဦးချင်းရဲ့ အချက်အလက်ကို ကောက်ယူကာ ထမင်းဟင်းတွေ ဝဝလင်လင် ကျွေးတယ်လို့ ပြောပါတယ်။

MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ စောင့်ရှောက်ထားတဲ့နေရာရောက်မှ သေဆုံးသွားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကိုလည်း သူတို့နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ လာကြိုသွားကြောင်း၊ ဝ နဲ့ ပလောင်လူမျိုးတွေကိုလည်း သူတို့ရဲ့ တပ်အဖွဲ့အစည်းတွေက လာကြိုသွားကြောင်း၊ ကချင်၊ ရှမ်းနဲ့ တခြားတိုင်းရင်းသားတွေကိုတော့ လာကြိုတာမရှိဘူးလို့ သူကပြောပါတယ်။

“ကျမတို့က ဘုရားကျောင်းကို လိုက်ရှာတော့ ဘုရားကျောင်းတွေကလည်း အကုန်စစ်ရှောင်ကုန်ပြီတဲ့။ ဘယ်အဖွဲ့အစည်းမှ လာမကြိုတော့ ကျမတို့ဘာသာ လမ်းလျှောက်ပြန်မယ် ဆိုပြီး ပြောယူပြီး လမ်းလျှောက်လာခဲ့တာ။ လမ်းမကြီးအတိုင်းပဲ လမ်းလျှောက်လာတယ်။ သိန္နီအထွက် ကွမ်းလုံလမ်းဆုံအထိ လူသူ ကား ဘာမှမရှိဘူး။ အဲဒီ လမ်းဆုံရောက်မှ ကားတွေ မြင်ရတယ်။ ကျမလို လမ်းလျှောက်ပြန်လာကြတဲ့သူတွေ အများကြီးပဲ။”

လက်ရှိမှာတော့ နိုင်ငံရေးအကျဉ်းသား၊ ဝ လူမျိုး၊ ပလောင်လူမျိုးကလွဲပြီး ကျန် အကျဉ်းသားတွေကို MNDAA ရုံးတွေမှာ ထောက်ခံစာယူပြီး လားရှိုးမြို့မှာ သွားရောက်ခေါ်ယူလို့ ရတယ်လို့ ဆိုပါတယ်။

လားရှိုးအကျဉ်းထောင်က တအာင်းလူမျိုး အကျဥ်းသား ၁၁၈ ဦး ကို MNDAA က TNLA ဆီ လွှဲပြောင်းပေးခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဩဂုတ် ၃ ရက်မှာ သတင်းထုတ်ထားပါတယ်။

တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေကတော့ MNDAA ဆီမှာ လာတောင်းယူရတယ်လို့ KIA သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက် မနက်ပိုင်းက လားရှိုးအကျဉ်းထောင် ပွင့်သွားပြီးနောက် အကျဉ်းသားတွေ လွတ်မြောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ဇူလိုင် ၃၀ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် (MNDAA) တို့ နှစ်ဖက်တိုက်ပွဲကြား ပိတ်မိနေတဲ့ လားရှိုးအကျဉ်းထောင် ဦးစီးမှူး အပါအဝင် ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၂၀ ကျော်ကို “ဝ” တပ်ဖွဲ့ (UWSA) က ကား ၃ စီးနဲ့ မိုင်းရယ်ဘက် ခေါ်ထုတ်သွားကြောင်း RFA သတင်းဌာနက ဇူလိုင် ၃၁ ရက်မှာ သတင်းထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် မနက်အစောပိုင်းကစ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လားရှိုးမြို့ကို စစ်မျက်နှာ ၅ ခုခန့်ဖွင့်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013