ဂျာမနီဟာ တောင်ကိုရီးယားရှိ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂကွပ်ကဲမှုတပ်ဖွဲ့ (UNC) ကို သြဂုတ် ၂ ရက်မှာ တရားဝင်ပူးပေါင်းလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်မှာ စည်းမျဥ်းစည်းကမ်းတွေကို ထိန်းသိမ်းပြီး စစ်ပွဲဖြစ်ပွားခဲ့ရင် တောင်ကိုရီးယားကို ခုခံကာကွယ်ဖို့ ကတိကဝတ်ပြုထားတဲ့ UNC အဖွဲ့ကို ပူးပေါင်းခဲ့တာဖြစ်ပါတယ်။
ဂျာမနီဟာ UNC ကွပ်ကဲမှုတပ်ဖွဲ့မှာ ပါဝင်တဲ့ ၁၈ နိုင်ငံမြောက် ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အင်ဒို-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဘာလင်ရဲ့ ရှင်းရှင်းလင်းလင်း ကတိကဝတ်ပြုမှုလည်းဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်စ် ပစ်စ်တိုးရီးယပ်စ်က ဆိုးလ်မြို့တောင်ဘက်က ဖြောင်းထက်မြို့ရှိ အဓိက အမေရိကန် စစ်ဌာနချုပ်က အခမ်းအနားတခုမှာ ပြောကြားခဲ့ပါတယ်။
ကုလကွပ်ကဲမှုတပ်ဖွဲ့ UNC ရဲ့ တစိတ်တပိုင်းအနေနဲ့ ဂျာမနီဟာ မြောက်ကိုရီးယားနဲ့ ထိစပ်နေတဲ့ တောင်ကိုရီးယားနယ်စပ်ကို ကာကွယ်မယ့် တာဝန်ဝတ္တရားကိုမျှယူ ထမ်းဆောင်မှာဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဂျာမန်ကာကွယ်ရေးဝန်ကြီး ပစ်စ်တိုးရီးယပ်စ်က “ဒီဆုံးဖြတ်ချက်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ စည်းမျဥ်းကို အခြေခံတဲ့ နိုင်ငံတကာ အမိန့်ညွှန်ကြားချက်တွေအတွက် ကျနော်တို့ရဲ့ ကတိကဝတ်နဲ့ ရပ်တည်နေတာပါ။ ဒိထက် အလိုအပို ဘာမှမရှိပါဘူး” လို့ ပြောဆိုပါတယ်။
ဂျာမနီရဲ့ အားဖြည့်ပါဝင်မှုဟာ UNC အတွက် အမြင်သဘောထားတွေနဲ့ အရင်းအမြစ်တွေကို ကွဲပြားစေပြီး စုပေါင်းကျွမ်းကျင်မှုနဲ့ စွမ်းရည်တွေကိုလည်း မြှင့်တင်ပေးပါကြောင်း ကုလကွပ်ကဲမှုတပ်ဖွဲ့ UNC နဲ့ ကိုရီးယားရှိ အမေရိကန်တပ်တွေရဲ့ တပ်မှူးဖြစ်သူ အမေရိကန် ကြည်းတပ် ဗိုလ်ချုပ်ကြီး ပေါလ်လာကမ်မရာက ပြောကြားသွားပါတယ်။
Source-Reuters