ပဲခူးတိုင်းဒေသကြီးမှာ အခုလနောက်ဆုံးပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေမြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကို ယာယီပိတ်ထားလိုက်ရကြောင်း ပဲခူးတိုင်းပညာရေးမှူးရုံးက သိရပါတယ်။
ပဲခူးတိုင်းထဲမှာ ဇူလိုင် ၂၆ ရက် ညပိုင်းကစလို့ မိုးအဆက်မပြတ်ရွားသွန်းကာ မြစ်၊ ချောင်းတွေ ရေကြီးရေလျှံမှုကြောင့် လူနေအိမ်တွေနဲ့ စာသင် ကျောင်းတွေထဲထိ ရေဝင်ရောက်မှုရှိခဲ့တာကြောင့် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီမှာ စာသင်ကျောင်းပေါင်း ၄၂၇ ကျောင်းကို ယာယီပိတ်ထားရတယ်လို့ တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
"လောလောဆယ်တော့ ၄၂၇ ကျောင်းကို ယာယီပိတ်ထားခိုင်းပါတယ်။ ပဲခူးအရှေ့ဘက်ခြမ်းမှာ ၁၁၆ ကျောင်းနဲ့ အနောက်ခြမ်းက ၂၆၁ ကျောင်း အပါအဝင်ပေါ့။ တချို့ လဝက်စာမေးပွဲ စစ်ဆေးဖို့ကျန်တဲ့ ကျောင်းတွေကိုလည်း ဖြေဆိုမယ့်ရက်ပြန်ပြီး ရွှေ့ပြောင်းရတာတွေလည်း ရှိပါတယ်။"
ပြီးခဲ့နှစ် အောက်တိုဘာ ၈ ရက်က ပဲခူးမြို့မှာရေကြီးရေလျှံခဲ့လို့ အခြေခံပညာစာသင် ကျောင်းပေါင်း ၂၆၈ ကျောင်းကို ယာယီပိတ်ထားခဲ့ရကြောင်း တိုင်းပညာရေးမှူးရုံးရဲ့ မှတ်တမ်းအရ သိရပါတယ်။
ဒါ့အပြင် လက်ရှိအချိန်ထိ ပဲခူး၊ ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ကျောက်ကြီး၊ မိုးညို၊ မင်းလှ၊ လက်ပံတန်း၊ အုတ်ဖို၊ သာယာဝတီ စတဲ့မြို့နယ်တွေမှာလည်း ရေကြီး/ရေလျှံမှုတွေ ဖြစ်နေတာကြောင့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပြီး အကူညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။