ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဇမ္မူရစ်ရွှေဆိုင်ပိုင်ရှင်ကို သတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တဲ့အမှုမှ တရားခံ ၅ ဦးကို အလုံခရိုင်တရားရုံးကနေ ဇူလိုင် ၃၀ ရက်မှာ သေဒဏ်နဲ့ ထောင်ဒဏ်တွေ အမိန့်ချ ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ကြည့်မြင်တိုင်မြို့နယ် ဇမ္မူရစ်ရွှေဆိုင်ပိုင်ရှင်ဦးမင်းဇော်ဦးကို သတ်ပြီး ရွှေထည်ပစ္စည်းတွေ လုယူခဲ့တဲ့အမှုမှာ အမျိုးသား ၃ ဦးကို သေဒဏ်ချခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက DVB ကိုပြောပါတယ်။
"ပြစ်မှုကျူးလွန်တဲ့ အမျိုးသား ၃ ဦးကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့အမိန့်ချတယ်။ ပစ္စည်း လက်ခံနဲ့ ကြံပါရာ ၃ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချတယ်။”
ဇမ္မူရစ်ရွှေဆိုင်ပိုင်ရှင်ကိုသတ်ပြီး ရွှေထည်တွေလုယူခဲ့သူ တရားခံဝိုင်းချစ်ချစ်ကို (ခ) ဖိုးသားလေး၊ ကိုဖြိုးနဲ့ ခိုင်ကိုမောင်တို့ ၃ ဦးကို ပုဒ်မ ၁၇၀ အရ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၃၀၂(၁)(ဂ)အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
တရားခံ အောင်ဇေယျာပိုင်၊ ကျော်သူဝင်း၊ မရွှေစင်ရွှေတို့ ၃ ဦးကို ပုဒ်မ ၄၁၁ အရ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက် ည ၇ နာရီခွဲက ကြည့်မြင်တိုင်မြို့နယ် လဟာပြင်ညစျေးရှိ ဇမ္မူရစ်ရွှေဆိုင်ပိုင်ရှင်ဦးမင်းဦးနဲ့ သားဖြစ်သူမှာ ဆိုင်သိမ်းပြီး နေအိမ်ကိုလမ်းလျှောက်ပြန်လာရာ လုယက်သူသုံးဦးက ရိုက်နှက်ခေါ်ဆောင်သွားပြီး အောက်တိုဘာ ၉ ရက် မနက်မှာ ရန်ကုန်-ပဲခူးကားလမ်းမ ဇီးရိုးမိုင်မှာ အလောင်းကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။