စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ်တလုံးမှာ ဩဂုတ် ၁၀ ရက် ညနေပိုင်းက ဓားပြတိုက်လူသတ်ခဲ့တဲ့ တရားခံ ၇ ဦးကို ဖမ်းမိထားပြီလို့ မုံရွာပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောပါတယ်။
မနေ့ ညနေ ၃ နာရီလောက်မှာ လက်နက်ကိုင်အမျိုးသား ၇ ဦးက မွေးခါနီးကိုယ်ဝန်ဆောင် အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးပါ သေနတ်ရှပ်မှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသား ၇ ဦးပါ ဓားပြအဖွဲ့ကို ဩဂုတ် ၁၀ ရက် ည ၁၁ နာရီလောက်မှာ မုံရွာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မုံရွာပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဥပဒေနဲ့အညီ စစ်ဆေးဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဩဂုတ် ၁၁ ရက် မနက်က လူမှုကွန်ယက်မှာ တိုက်ရိုက်ထုတ်လွှင့်သွား ပါတယ်။
မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တာဝန်ခံက “ ည ၁၁ နာရီလောက်မှာ ပိတ်ဆို့ပြီး ဖမ်းလိုက်ပါတယ်။ ဖမ်းတဲ့အခါခုခံတာတော့ မရှိပါဘူး၊ လက်နက်ကိုင်အဖွဲ့အစည်းထဲကပါပဲ၊ NUG ရဲ့ လမ်းညွန်မှုအတိုင်း ဆောင်ရွက်မှာပါ။ ဥပဒေအတိုင်းဆောင်ရွက်မှာပါ။ ဒီဘက်မှာ ထောင်ရှိတယ်၊ တရားရေးရှိတယ်၊ တရားရေးဆုံးဖြတ်ချက်အတိုင်းပဲ ပြစ်မှုပြစ်ဒဏ်တွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ယောက္ခမ တော်စပ်သူအမျိုးသမီးတဦးကို လက်နက်ကိုင် အမျိုးသား ၃ ဦးက ပစ်ခတ်ခဲ့တာဖြစ်တဲ့အပြင် အိုင်ဖုန်း 13 pro max ၁ လုံး၊ Redmi ဖုန်း ၁ လုံးနဲ့ ကလစ်ဆိုင်ကယ် ၁ စီးကိုပါ ယူဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။
သေနတ်ထိမှန်လို့ သေဆုံးသွားရတဲ့ နစ်နာသူရဲ့ မိသားစုဝင်တွေကို တရားခံမိထားကြောင်းနဲ့ တရားမျှတမှုအတွက် ကတိပေးထားကြောင်းကို ဆက်သွယ်ပြောပြထားတယ်လို့ သိရပြီး မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ချက် အသေးစိတ်ထုတ်မယ်လို့ သိရပါတယ်။