ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်က ဘီးလင်းကျောင်းတိုက် အုတ်တံတိုင်း ဒီနေ့ ဇူလိုင် ၂၇ ရက် မနက်ပိုင်းက ပြိုကျလို့ အိမ်စီးကား ၆ စီးနဲ့ ထမင်းဆိုင် ၁ ဆိုင် ပျက်စီးခဲ့တယ်လို့ စမ်းချောင်းမြို့နယ်မီးသတ်ဆီက သိရပါတယ်။
ဒီမနက်အစောပိုင်းကစလို့ ရန်ကုန်မြို့မှာ မိုးသည်းသည်းထန်ထန်ရွာနေခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီ မိနစ် ၂၀ လောက်မှာ အုတ်တံတိုင်းဟာ ပေ ၅၀ ကျော်လောက် စတင်ပြိုကျခဲ့တာဖြစ်ပါတယ်။
မြို့နယ်ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ကျွန်းတောလမ်းထိပ်က ကျောင်းပါ။ တံတိုင်းက ၂ ထပ် ဆောက်ထားတာ။ ကားတွေက လမ်းမဘေးကပ်ရပ်ထားတော့ အုတ်တံတိုင်းပြိုကျပြီး ပိကုန်တာ။ လူတွေတော့ ဒဏ်ရာရတာမျိုး မရှိပါဘူး။ ကားမှန်တွေကွဲ၊ ဘော်ဒီတွေ ပိန်ကုန်တာလောက်ပဲ။ ထမင်းဆိုင်တော့ ထီးတွေပါ အကုန်ပျက်စီးကုန်တာ” လို့ ပြောပါတယ်။
အဲဒီနေရာကို စမ်းချောင်းမြို့နယ်မီးသတ်၊ ရောင်စဉ်မဲ့အသင်း၊ ရဲသူရိန်အသင်း၊ အနာဂတ်အလင်းတန်း ပရဟိတအသင်းနဲ့ အားမာန်လူငယ်အသင်းတို့က လာရောက်ကူညီခဲ့ကြပါတယ်။