ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟံသာဝတီဘူတာမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက အမျိုးသမီး ၁ ဦး မီးရထားကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက် ဟံသာဝတီဘူတာမှာ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က အသက် ၅၀ ကျော်အရွယ် ဈေးသည်အမျိုးသမီးတဦးဟာ ဘူတာစင်္ကြံလမ်းပေါ် အတက်မှာ ခြေထောက်ထိခိုက်မိပြီး ရထားလမ်းပေါ်ပြုတ်ကျကာ ရထားကြိတ်မိခဲ့ပါတယ်။
ရထားကြိတ်မိတာကြောင့် အမျိုးသမီးဟာ ခါးအောက်ပိုင်း ထက်ပိုင်းပြတ်သွားပြီး ရထားနဲ့ ၁၀ ပေခန့် တရွတ်တိုက် ပါသွားတာကြောင့် အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
ဝန်းရံမှူး လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက “ဈေးသည်အမျိုးသမီးနဲ့ သူ့ရဲ့ သမီးငယ်လေးက ဈေးရောင်းပြီး ရထားစီးပြန်ဖို့အလာ ကလေးကို လျှောက်လမ်းပေါ် တင်ပေးပြီး သူအတက်မှာ ခြေခေါက်ပြီး ရထားလမ်းမပေါ် ပြုတ်ကျပြီး ရထားကြိတ်သွားတာ။ အမျိုးသမီး ချက်အောက်ပိုင်းကနေ ပြတ်သွားတယ်ဆိုပေမဲ့ အရေပြားတော့ ကျန်သေးတယ်။ သူ့မှာ ကလေး ၂ ယောက် ကျန်ခဲ့တယ်” လို့ ပြောပါတယ်။
ရထားကြိတ်ခံရတဲ့ အမျိုးသမီးကို ဝန်းရံမှူး လူမှုကူညီရေးအသင်းယာဉ် 04 နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းကလည်း ရန်ကုန်၊ လှိုင်မြို့နယ်၊ ကမာရွတ်ဘူတာရှိ သံလမ်းမှာ အသက် ၆၀ အရွယ် အမျိုးသား ၁ ဦး ရထားကြိတ်ခံရပြီး သေဆုံးခဲ့ပါတယ်။