ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်းထဲက အလှပြင်ဆိုင်တခုမှာ မတ် ၁၆ ရက် ညပိုင်းက မီးစက်အခိုးအငွေ့ ရှူရှိုက်မိလို့ အမျိုးသမီး ၇ ယောက် မူးဝေသတိလစ် မေ့မြောသွားကြတယ်လို့ လမ်းအတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
မနေ့က ည ၇ နာရီအချိန်က မင်းလမ်းက အလှပြင်ဆိုင်တစ်ဆိုင်ရဲ့ နောက်ဖေးခန်းမှာ နှိုးထားတဲ့ မီးစက်အခိုးအငွေ့တွေဟာ ဆိုင်ရှေ့ အလုံပိတ်အအေးခန်းထဲထိ ဝင်လာပြီး ဆိုင်အတွင်းမှာရှိနေတဲ့ အမျိုးသမီး ၇ ယောက် အောက်စီဂျင်ပြတ် သတိလစ် မေ့မြောခဲ့တာလို့ အနီးအနားနေသူတယောက်က ပြောပါတယ်။
“အဲဒီအချိန်က မီးပျက်နေတော့ မီးစက်နှိုးထားတာ။ ကျနော်ထင်တာက အဲဒီ မီးစက်မီးခိုးကြောင့် တခုခုဖြစ်ပြီး မူးမေ့ကုန်တာလို့ ထင်တာပဲ။ ရုတ်တရက်ကြီးဖြစ်တာဆိုတော့ မီးခိုးကြောင့် အဆိပ်သင့်တာလို့ ထင်တယ်” လို့ ပြောပါတယ်။
အောက်စီဂျင်ပြတ်လပ်ပြီး မူးဝေသတိလစ်ခဲ့တဲ့ အမျိုးသမီး ၇ ယောက်ကို စမ်းချောင်း ပရဟိတအသင်း၊ စာနာစိတ်နဲ့တွဲလက်များ၊ ကြယ်စင်ပရဟိတအသင်း၊ မန်ကျည်တန်းမြောက် ပရဟိတအသင်းတို့က လူနာတင်ယာဉ်တွေနဲ့ ရန်ကုန်ဆေးရုံသစ်(ဂျပန်ဆေးရုံ) ဆီကို ပို့ဆောင်ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
မတ် ၁၆ ရက် မနေ့က ညနေ ၃ နာရီခွဲလောက်က System Breakdown ဖြစ် ဓာတ်အားစနစ်ချို့ယွင်းခဲ့လို့ လျှပ်စစ်မီးတွေ အချိန်အတော်ကြာအောင် ပြတ်တောက်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Photo - လူမှုကူညီရေးအသင်း