လူသားချင်းစာနာမှုအကူအညီတွေ တင်ဆောင်လာတဲ့ တွဲရေယာဉ်ကို ဆွဲလာတဲ့သင်္ဘောဟာ ဂါဇာ ကမ်းရိုးတန်းကို ရောက်ရှိလာပြီဖြစ်ပြီး မတ် ၁၅ ရက်မှာ ကမ်းခြေကိုအစားအသောက်တွေ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆိုက်ပရပ်စ်နိုင်ငံက ထွက်ခွာလာတဲ့ Open Arms လို့ အမည်ရတဲ့ စပိန်သင်္ဘောဟာ ဂါဇာအတွက် စားနပ်ရိက္ခာတန် ၂၀၀ တင်ဆောင်လာတဲ့ ဝမ်းပြားတွဲရေယာဉ်ကို ဆွဲလာတာ ဖြစ်ပါတယ်။
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ဗီဒီယိုမှာ Open Arms သင်္ဘောနဲ့ ဆွဲလာပေးတဲ့ တွဲရေယာဉ်ကို ကမ်းခြေနားအရောက်မှာ စက်လှေငယ် နှစ်စင်းနဲ့ တွန်းပြီး ကမ်းကပ်ဖို့ ကြိုးစားနေပုံ မြင်တွေ့ရပါတယ်။
ကုန်ချဖို့ အဖြစ်လုပ်ထားတဲ့ ဆိပ်ကမ်းနေရာမှာ ကရိန်းတွေနဲ့ ဝမ်းပြားတွဲရေယာဉ်ပေါ်က ရိက္ခာတွေ ကို ဆွဲယူပြီး အသင့်စောင့်နေတဲ့ ကုန်ကား ၁၂ စီးနဲ့ တင်ဆောင်သွားခဲ့ပါတယ်။
အစားသောက်အတွေ ထောက်ပံ့ပေးတဲ့ အမေရိကန်ပရဟိတအဖွဲ့ World Central Kitchen (WCK) ကပဲ အစားအသောက်တွေ ဝေငှပေးမှာဖြစ်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။
ဆန်၊ ဂျုံ၊ ပဲတောင့်ရှည်၊ စည်သွတ် သီးနှံနဲ့ စည်သွတ် ပရိုတိန်းဓာတ်ပါ အစားအသောက်တွေကို တင်ဆောင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
လေကြောင်းနဲ့ ကုန်းကြောင်းက အကူအညီပေးဖို့ အဆင်မပြေဖြစ်နေချိန်မှာ ရေလမ်းကြောင်းကနေ ပထမဆုံးအကြိမ် အခုလို ပို့ဆောင်တာ ဖြစ်ပါတယ်။
Source/Photo - Reuters