ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်ရွာ၊ စစ်ကောင်စီတပ် အနီးဝန်းကျင်က ဒေသခံအရပ်သားပြည်သူတွေဟာ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်လို့ ဒီနေ့ မတ် ၁၆ ရက်မနက် ၇ နာရီလောက်ကစပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြပြီလို့ပ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဆိုင်းတောင်က စစ်ရှောင်တွေ ဒီမနက် ၇ နာရီလောက်ကစ ဒီနေ့ တနေကုန် တောက်လျှောက်ရှောင်နေကြတယ်။ ဝှေခါ၊ မော်ဆီဇာတွေဘက် ရှောင်နေကြပြီ။ အခု ကျနော် သူတို့ ရှောင်လာတဲ့ လမ်းပေါ်ရောက်နေတယ်” လို့ ပြောပါတယ်။
ဆိုင်းတောင် စစ်တပ်ကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေ ဝိုင်းထားပြီး မတ် ၁၄ ရက်နေ့ မနက် ၁၀ နာရီလောက်ကတည်းက လက်နက်ချခိုင်းနေတယ်လို့ သူက ပြောပါတယ်။
“လက်နက်ချဖို့ အော်ပြောနေတာ။ စစ်သားတွေ တချို့ကတော့ ထွက်သွားပြီ။ တချို့က ခေါင်းမာပြီး နေနေကြတာ။ လက်နက်ချပြီး အပြင်ထွက်ခဲ့လို့ လော်စပီကာနဲ့ အော်နေကြတယ်။ စစ်တပ်တော့ အရမ်းမကြီးဘူး။ ရာချီတော့ မရှိလောက်တော့ဘူး” လို့ ပြောပါတယ်။
ဆိုင်းတောင်ရွာမှာတော့ လူဦးရေထောင်ချီရှိပြီး စစ်တပ်အနီးပြီး တိုက်ပွဲဖြစ်ပွားနိုင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေတဲ့ အရပ်သားပြည်သူတွေကို ရှောင်ခိုင်းတာ ၂ ရက် ၃ ရက်ရှိပြီဖြစ်လို့ စစ်တပ်အနီးဝန်းကျင်က ဒေသခံတွေ အကုန်ရှောင်နေကြပြီလို့ ဒေသခံအမျိုးသမီး တယောက်လည်းပြောပါတယ်။
ဆိုင်းတောင် စစ်တပ်ကို KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေက ဝိုင်းထားပေမယ့် စစ်တပ်ထဲက စစ်ကောင်စီတွေက မထွက်သွားသေးဘဲ ရှိနေကြလို့ ဘယ်အချိန်မှာ တိုက်ပွဲ ဖြစ်လာမလဲဆိုတာပဲ စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။
“သူတို့ (စစ်သားတွေ)က ထွက်လာချင်ပြီ။ အထက်က လူကြီးတွေက မထွက်လာခိုင်းတာလေ။ စစ်သားအင်အားက ဘာမှ မရှိပါဘူး။ ၂၀ ကျော်လောက်ပဲ ရှိမယ်။ အပြင်ဘက်ကနေ အကုန်ဝိုင်းထားပြီ။ ဘယ်အချိန် ငတ်ပြတ် ပြီးထွက်လာမလဲမသိဘူး။ ဝှေခါလည်း အဲလိုပဲ။ နှစ်ပတ်၊ သုံးပတ်လောက်ကြာမှ သူတို့ စားစရာ မရှိတော့မှ ထွက်လာကြတာလေ” လို့ ပြောပါတယ်။
ဒေသခံ ပြည်သူတွေအနေနဲ့ ရုတ်တရက် တိုက်ပွဲဖြစ်လာမှာ၊ လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှာကို ကြောက်ရတယ်လို့ ဆိုပါတယ်။
KIA နဲ့ ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝှေခါ စစ်ကောင်စီ စခန်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့က နန့်တိန် စစ်ကောင်စီစခန်း၊ မတ် ၅ ရက်နေ့က တာမခန်စစ်ကောင်စီ ရဲစခန်း၊ မတ် ၁၁
ရက်နေ့က ဖားကန့် ကသိုဏ်းတောင် စစ်ကောင်စီစခန်း၊ မတ် ၁၃ ရက်နေ့ ဖားကန့် နမ့်မှော် အနီးက တန် ၃၀၀၀ စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။