ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းရွာနဲ့ ညောင်နီကုန်းရွာတို့မှာ ဇူလိုင် ၂၆ ရက် မနက်အစောပိုင်း ၂ နာရီ ၁၀ မိနစ်လောက်က လေပြင်းတိုက်ခတ်ခဲ့ပြီး အိမ် ၇၁ လုံး ပြိုကျပျက်စီးခဲ့တယ်လို့ အာယုပါလအသင်းက ပြောပါတယ်။
ဒီကျေးရွာ ၂ ခုဟာ လက်ခုပ်ကုန်းရွာအနီးမှာ ရှိတာဖြစ်ပြီး လေပြင်းကြောင့် အိမ် ၃၅ လုံး ပြိုကျ၊ ၃၆ လုံး ပျက်စီးခဲ့တာပါ။
အာယုပါလအသင်း တာဝန်ရှိသူတဦးက “အခုတော့ လမ်းရှင်းတာတွေ၊ အိမ်လိုက်ရွှေ့ပေးတာတွေ လုပ်နေပါတယ်။ ည ၂ နာရီကျော်လောက်မှာ ဖြစ်သွားတာ။ ညောင်နီကုန်းနဲ့ ကညင်ကုန်း ၂ ရွာစလုံးမှာ။ အိမ်ခြေစာရင်းအရတော့ ၂ ရွာပေါင်း ၇၁ ပါ။ လူဦးရေ ၃၀၀ ကျော်က ကညင်ကုန်းရွာနားက စေတီဝန်းမှာ လက်ရှိ နေနေကြပါတယ်” လို့ ပြောပါတယ်။
အိမ်ခြေ ၇၁ လုံးရှိ လေဘေးသင့်သွားသူ စာရင်းအရ လူဦးရေ ၃၂၄ ဦးအထိ ရှိနေပြီး ယာယီနေထိုင်ဖို့အတွက် အမိုးအကာတွေ၊ တာပေါ်လင်စတွေ၊ အဝတ်အထည်နဲ့ စားစရာတွေ လိုအပ်နေကြပါတယ်။
ကူညီထောက်ပံ့ရေးအတွက် အာယုပါလအသင်းရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်သလို ကွမ်းခြံကုန်းမြို့ခံအသင်းတွေက ပြောင်းရွှေ့ကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။