အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တို့ဟာ ၉ လကြာ ဂါဇာစစ်ပွဲအတွက် ရှောင်လွှဲနေတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်မှာ ဇူလိုင် ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး အစ္စရေးကို ဘိုင်ဒင် သွားရောက်ခဲ့ပြီး နောက်ပိုင်းကတည်းက ခေါင်းဆောင် ၂ ယောက်တို့ရဲ့ ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲမှာ ဘိုင်ဒင်က နေတန်ယာဟုကို ပွေ့ဖက်နှုတ်ဆက်ပြီး အမေရိကန်ရဲ့ ထောက်ခံမှုကို ကတိပြုခဲ့ပါတယ်။
ဘိုင်ဒင်နဲ့ နေတန်ယာဟု တို့ဟာ နောက်ပိုင်းမှာ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ အမေရိကန် ဓားစာခံတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ခေါင်းဆောင် ၂ ဦးတို့ဟာ လက်ရှိ လူပေါင်း ၃၉,၀၀၀ ကျော် သေဆုံးထားခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လအတော်ကြာ ဆက်ဆံရေး တင်းမာခဲ့ပါသေးတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းနယ်မြေကို အုပ်ချုပ်နေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေအကြား အပစ်အခတ်ရပ်စဲရေးအတွက် ကွာဟချက်တွေ ရှိနေသေးပေမဲ့ အရင်ကထက် အခု ပိုနီးစပ်နေပြီလို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပုံမှန်သတင်းရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီခရီးစဉ်ဟာ အမေရိကန်နိုင်ငံရေး အပြောင်းအလဲနဲ့ တိုက်ဆိုင်နေပါတယ်။ ဇူလိုင် ၂၁ ရက်က ဂျိုးဘိုင်ဒင်ဟာ ဒီမိုကရက်ပါတီဝင်တွေရဲ့ ဖိအားပေးမှုကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲကနေ နုတ်ထွက်ခဲ့ပြီး ပါတီရဲ့ ၂၀၂၄ ခုနှစ် သမ္မတလောင်းအဖြစ် ကမ်မလာ ဟားရစ်ကို ထောက်ခံခဲ့ပါတယ်။
Source-Reuters