မန္တလေး အိုးဘိုထောင်မှာ အကျဥ်းကျနေတဲ့ NLD အစိုးရလက်ထက်က လျှပ်စစ်ဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇာနည်အောင် ဇူလိုင် ၂၅ ရက်က ဆေးကုသမှု ခံယူနေရတယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အိုးဘိုအကျဥ်းထောင်မှာ ထောင်ဒဏ် ၈ နှစ် ကျခံနေရတဲ့ ဦးဇာနည်အောင်ဟာ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်နေပြီး ထောင်တွင်းဆေးရုံမှာ ဆေးကုသရာ မသက်သာတာကြောင့် မန္တလေးဆေးရုံကြီးကို မနေ့က ပြောင်းပြီး ကုနေရတယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“ထောင်ထဲမှာက ဆေးပစ္စည်းမစုံဘူး။ သူ့ကျန်းမာရေး အခြေအနေကလည်း ဒီလထဲ အရမ်းဆိုးလာလို့ မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနကို မနေ့က ပို့လိုက်ရတယ်။”
မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ ဦးဇာနည်အောင်ကို မိသားစုဝင်တွေနဲ့ ပေးတွေ့ခြင်းရှိ မရှိ အကျဥ်းဦးစီးဌာနက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
NLD အစိုးရလက်ထက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဖြစ်တဲ့ ဦးဇာနည်အောင်ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့ပြီး သဘာဝဘေး စီမံဥပဒေပုဒ်မ ၃၀(က)/၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်မှာ စစ်ကောင်စီက အဂတိပုဒ်မ ၅၅ အမှု ၂ မှုနဲ့ ထပ်မံတရားစွဲဆိုပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်ရာ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခံနေရတာ ဖြစ်ပါတယ်။