ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာအူဇ်ဇာမန်ဟာ ဇူလိုင် ၂၂ ရက်က မြို့တော် ဒါကာနဲ့ အနီးဝန်းကျင်နေရာတွေအနှံ့မှ ပျက်စီးဆုံးရှုံးမှုတွေကို ရဟတ်ယာဉ်နဲ့ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး စစ်တမ်းကောက်ယူပြီးနောက်မှာတော့ စုစုပေါင်းဆုံးရှုံးမှုက ပြောမပြနိုင်အောင်ပါပဲ လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပြည်သူပိုင်ပစ္စည်း အတော်များများ ပျက်စီးသွားပြီး ကျန်တာတွေကို ရသလောက် ပြန်ယူနိုင်ဖို့နဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့ စစ်တပ်ကိုခေါ်ထားတယ်လို့လည်း ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ်ကို ဆန့်ကျင်ကြတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲကနေ အကြမ်းဖက်မှုအဖြစ် အရှိန်မြင့်သွားခဲ့ပြီးနောက်မှာ အဓိကမြို့ကြီး ၂ မြို့ဖြစ်တဲ့ ဒါကာနဲ့ စစ်တကောင်း တို့မှာ ဖမ်းဆီးခံရသူ ၁၆၀၀ ကျော်ရှိခဲ့ကာ အကြမ်းဖက်မှုအတွင်း လူ ၁၅၀ နီးပါး သေဆုံးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍမှာ အလုပ်လက်မဲ့ အကျပ်အတည်းတွေ ရှိနေတဲ့အကြား ပုံမှန်လုပ်ခလစာ တိုးမြင့်မှုနဲ့ အကျိုးခံစားခွင့်တွေ ပိုရနိုင်တဲ့ အစိုးရကဏ္ဍတွေရှိ အလုပ်အကိုင်တွေမှာလည်း အရပ်သား အပြင်လူတွေအတွက် အလုပ်နေရာကို ထက်ဝက်အောက်သာ ခွဲတမ်းချထားပေးတာကြောင့် ကျောင်းသားတွေ ဒေါသထွက်ခဲ့ကြတာပါ။
ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ခဲ့ပြီးနောက် အစိုးရက အင်တာနက်ဝန်ဆောင်မှုတွေကို ပိတ်ချပစ်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်ကာ စစ်တပ်ကို ဖြန့်ကြက်ချထားခဲ့ပါတယ်။
Source-Reuters