Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်မြို့တော်တွင် ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
July 21, 2024
Photo - Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့က မထိန်းနိုင်တော့တဲ့နောက် ကာဖျူး ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်တပ်က ဒါကာမြို့တော်မှာ တပ်စွဲထားပါတယ်။

ဆန္ဒပြကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ အဓိကရုဏ်းတွေကြောင့် ဒီတပတ်အတွင်း အနည်းဆုံး လူ ၁၀၅ ဦး သေဆုံးခဲ့တယ်လို့ ဆေးရုံကရတဲ့ သတင်းတွေကို အခြေခံပြီး AFP က ထုတ်ပြန်ခဲ့တာပါ။

ဒီဆန္ဒပြမှုတွေက အစိုးရအဖွဲ့မှာ ၁၅ နှစ်ကြာ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အစိုးရအဖွဲ့ကို စိန်ခေါ်မှုတခု ဖြစ်လာပါတယ်။

“အစိုးရအဖွဲ့က ညမထွက်ရအမိန့်ထုတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရပ်သားအစိုးရကို ကူညီဖို့ စစ်တပ်ကိုလည်း ချထားပါတယ်”လို့  အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ အစ်လမ်ခန်းက AFP ကို ပြောပါတယ်။

ရဲချုပ်ရတ်မန်က “ကျနော်တို့ လူစုလူဝေးတွေအားလုံး ပိတ်ပင်ထားပါတယ်။ ဒီနေ့ ဒါကာမြို့မှာ လူစုတာမျိုး မလုပ်ရပါဘူး” လို့ AFP ကို ပြောပါတယ်။ 

ဒါကာမြို့မှာ လူပေါင်း သန်း ၂၀ နေထိုင်ပြီး အင်တာနက်တွေ ဖြတ်တောက်ထားပေမဲ့ ရဲနဲ့ ဆန္ဒပြလူထု ထိပ်တိုက်တွေ့မှုတွေကို မရပ်တန့်နိုင်သေးပါဘူး။

ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ရှင်းလင်းမှုမှာ ဒဏ်ရာအနည်းငယ်ရခဲ့တဲ့ ဆန္ဒပြသူ တူရှာက “အစိုးရအဖွဲ့က လူသတ်မှုတွေအတွက် တာဝန်ခံရမှာပါ။ ကျနော်တို့ကတော့ ရှိတ်ဟာဆီနာ ချက်ချင်း နုတ်ထွက်တာမျိုးပဲ လိုချင်ပါတယ်။ ကျနော်တို့ရဲ့ ဆန္ဒပြမှုတွေ ဆက်ပြီး ပြုလုပ်မှာပါ”လို့ AFP ကို ပြောပါတယ်။

Source: Reuters/ AFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013