စစ်မှုထမ်း အပတ်စဥ် ၂ ကို ဇူလိုင်လမကုန်ခင် သင်တန်းဆင်းဖို့ စစ်ကောင်စီတပ်က သင်တန်းကျောင်းတွေမှာကြို တင်ပြင်ဆင်နေတယ်လို့ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၂ ကို ဧပြီလအတွင်းက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မွန်ပြည်နယ်က သင်တန်းကျောင်းတွေမှာ သင်တန်းပေးခဲ့တာပါ။
စစ်မှုထမ်းကိစ္စနဲ့ နီးစပ်သူတဦးက “ဒီလမကုန်ခင် အပတ်စဥ် ၂ သင်တန်းဆင်းမယ်၊ အပတ်စဥ် ၃ ကလူတွေက သင်တန်းမစရသေးဘူး။ ကျန်းမာရေးစစ်ဆေးတာနဲ့ ယူနီဖောင်းထုတ်ပေးတာပဲ ရှိသေးတာ။ အပတ်စဥ် ၂ သင်တန်းဆင်းပြီးမှ အပတ်စဥ် ၃ ကို သင်တန်းစပေးမှာ။ သူတို့ကို ဘယ်မှာ တာဝန်ချမယ် ဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။
သင်တန်းကျောင်းတွေမှာ နေရာအခက်အခဲရှိလို့ အပတ်စဥ် ၃ ကို သင်တန်းမပေးနိုင်ပေမဲ့ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းက အပတ်စဥ် ၄ အတွက် စာရင်းကောက်ဖို့ ဇူလိုင် ၁၂ ရက်ပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။
စစ်ကောင်စီဘက်က အပတ်စဥ် ၂ သင်တန်းဆင်းဖို့လုပ်နေပေမဲ့ အပတ်စဥ် ၁ သင်တန်းဆင်း တပ်သားသစ်တွေကို ရှေ့တန်းမှာ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိတ်ပူနေတဲ့ မိသားစုဝင်တွေလည်း ရှိပါတယ်။
တပ်သားသစ်မိသားစုဝင်တဦးက “တိုက်ကြီးမှာ သင်တန်းဆင်းသွားတဲ့ တူလေး ဘယ်ရောက်နေ တယ်ဆိုတာ သင်တန်းကျောင်းကိုသွားမေးတာမရလို့ နေပြည်တော်အထိစာတင်မေးတယ်။ အခု ထိအဖြေမရသေးဘူး" လို့ပြောပါတယ်။
စစ်မှုထမ်းအပတ်စဥ် ၁ ကို ဇွန် ၂၈ ရက်က စစ်အခြေခံသင်တန်းကျောင်း ၅ ကျောင်း၊ တန်းမြင့်သင်တန်းကျောင်း ၁၀ ကျောင်း၊ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်းနဲ့ ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံကျောင်းတွေမှာ သင်တန်းဆင်းခဲ့ တာပါ။
အခုဆိုရင် စစ်မှုထမ်းသင်တန်းဟာ အပတ်စဥ် ၄ အတွက် လူစာရင်းကောက်နေပြီး အပတ်စဥ် ၅ မှာတော့ အမျိုးသမီးတွေပါ စစ်မှုထမ်းရမှာဖြစ် ပါတယ်။
စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်မှာ လူတိုင်းမဖြစ်မနေစစ်မှုမထမ်းမနေရဥပဒေကို ပြန်အသက်သွင်းကျင့်သုံးခဲ့တာဖြစ်ပြီး မတ်လ ၂၈ ရက်မှာ အပတ်စဥ် ၁ ကို စပြီးခေါ်ခဲ့တာပါ။