ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှာ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် အခြေခံ စားနပ်ရိက္ခာ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး ပြည်သူတွေ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်နဲ့ ပူတာအိုမြို့နယ်ကို မြစ်ကြီးနားကနေ ကုန်စည်သယ်ယူရေးအတွက် ကားလမ်းကိုသာ အဓိက အသုံးပြုနေရပြီး ကားလမ်းအခက်အခဲကြောင့် လောင်စာဆီ အပါအဝင် အခြေခံစားသောက်ကုန်တွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။
ဒေသခံတဦးက “ဟိုတခေါက် မိုးရွာပြီး ရေကြီးတဲ့အချိန်ကနေ အခုအချိန်အထိ ကား၊ ဆိုင်ကယ်သွားလို့မရ ဖြစ်နေတယ်။ လမ်းလည်း မပြင်နိုင်သေးဘူး။ ကားလည်း မရောက်တော့ အစားအသောက်၊ ဆန်တခြားစားသုံးဆီနဲ့ စက်ဆီတွေလည်း မရောက်နိုင်သေးဘူး။ အဲတာတွေလည်း အခက်အခဲဖြစ်နေတယ်။ ကားလမ်းလည်း မပေါက်၊ ဈေးတွေကလည်းတက် အခုက အများစုက အစားအသောက်က အခက်အခဲဖြစ်လာနေတယ်၊ အသက်ရှင်ဖို့လိုအပ်တဲ့ အခြေခံအစားအသောက်ပေါ့၊ ပြီးတော့ သွားလာရေးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေ မရတော့ အသွား၊ အလာလည်း အရမ်းခက်လာတယ်”လို့ ပြောပါတယ်။
အခြေခံလိုအပ်တဲ့ ဆန်ဈေးတွေ ပုံမှန်ထက် ကျပ် ၁ သိန်းနီးပါး ဈေးမြင့်တက်နေတယ်လို့ ဆွမ်ပရာဘွမ်မြို့နယ်နေ ဒေသခံက ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နဲ့ မြို့ပတ်ဝန်းကျင်က ကျေးရွာမှာနေထိုင်တဲ့ ပြည်သူတွေဟာ မတ်လက စတင်တဲ့ တိုက်ပွဲကြောင့် တောတောင်တွေမှာ ၃ လကျော် တိမ်းရှောင်နေခဲ့ ရပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ ရာသီအချိန်လွန်သွားတာကြောင့် အခက်အခဲဖြစ်နေကြပါတယ်။
တောင်ယာလုပ်တဲ့ ဒေသခံတဦးက “ကျနော်တို့က ဝမ်းရေးအတွက်လုပ်ကိုင်တဲ့ တောင်ယာလုပ်ငန်းလည်း ကျနော်တို့ စစ်ရှောင်နေရာကနေ ရွာကို ပြန်လာတာ နောက်ကျတယ်။ အဲလိုဆိုတော့ တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့နေရာမှာလည်း အခက်အခဲတွေဖြစ်တယ်၊ တောင်ယာမီးရှို့ရမယ့် အချိန်တွေလည်း နောက်ကျဆိုတော့ မြက်တွေ ပြန်နုတ်ပြီးပဲ စပါးတွေ ပြန်စိုက်ရတော့ ဒီနှစ်တောင်ယာလုပ်ငန်းမှာ အတော့်ကို အခက်အခဲဖြစ်တယ်”လို့ ပြောပါတယ်။
ဆွမ်ပရာဘွမ်မြို့နယ်မှာ အသွားအလာအတွက် ဆိုင်ကယ်ကို အသုံးများတာကြောင့် လောင်စာ ဓာတ်ဆီ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ပူတာအိုမြို့နယ်မှာလည်း အခြေခံလိုအပ်တဲ့ စားသောက်ကုန်တွေနဲ့ စက်သုံးဆီရရှိမှုတွေ အခက်အခဲဖြစ်နေပြီး ကုန်းဈေးနှုန်းမြင့်မားတာတွေ ရင်ဆိုင်နေရတယ်လို့ ပူတာအိုမြို့ခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာ စတင်တဲ့ ဆွမ်ပရာဘွမ်မြို့အနီးက စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွေကြောင့် ဆွမ်ပရာဘွမ်မြို့က ပြည်သူလူထု နေအိမ် အလုံး ၃၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့ရပါတယ်။