မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းမှာ ဒီနေ့ ဇွန် ၂၉ ရက်နေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ကြား တိုက်ပွဲဆက်ဖြစ်နေပြီး ဒေသခံပြည်သူတချို့ တိမ်းရှောင်နေရသလို ကုန်စျေးနှုန်းတွေလည်း တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဇွန် ၂၇ ရက်နေ့ကစလို့ MPT ဖုန်းလိုင်းတွေပြတ်နေတာကြောင့် အဆက်အသွယ်တွေလည်း ပြတ်တောက်နေပြီး တိုက်ပွဲနေရာအနီးအနားက ဒေသခံတချို့ ကျေးရွာတွေမှာ သွားရောက်ရှောင်တိမ်းနေကြတယ်လို့ အနောက်ပိုင်းမြို့ခံတယောက်က ပြောပါတယ်။
“ဒီနေ့မနက်လည်း မြို့ထဲမှာ အသံတွေကြားနေရပြီ။ မိသားစုလိုက်ကတော့ အထုပ်တွေထုပ်ပြီး ဘေးလွတ်တဲ့ ရွာတွေဘက်မှာ ရှောင်နေရတယ်။ မြို့ထဲမှာ ကျန်နေခဲ့သူတွေလည်းရှိသေးတယ်။ ဖုန်းလိုင်းကမရတော့ အဆက်သွယ်ပြတ်နေတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်းရဲစခန်းကို TNLA တပ်က ဇွန် ၂၇ ရက်နေ့ မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အနောက်ပိုင်းက တခြား စစ်တပ်စခန်းတွေ ကျန်နေသေးတယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့မှာ မနက်ပိုင်းစျေးဆိုင်တချို့ပဲဖွင့်ပြီး အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ကြက်ဥ၊ ခေါက်ဆွဲတွေ စျေးတက်နေသလို ဓာတ်ဆီဝယ်ရခက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်အရှေ့ပိုင်းမှာ နေထိုင်သူတယောက်က “ကြက်ဥတလုံးတထောင်ပေးဝယ်ရတယ်။ ခရမ်းချဉ်သီး တပိဿာကို တသောင်းခြောက်ထောင်ပေးရတယ်။ တစ်ရှူးတောင်မှ တခုချင်း မရောင်းတော့ဘူး။ အတွဲတိုက်ပဲရောင်းတော့တယ်” လို့ ပြောပါတယ်။
ဇွန် ၂၈ ရက် မနေ့က မိုးကုတ်မြို့ အနောက်ပိုင်းက အောင်သုခရပ်ကွက်ထဲကို လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ဇွန် ၂၅ ရက်နေ့ကနေ ဇွန် ၂၈ ရက်နေ့အထိ ပြည်သူ ၅ ယောက် သေဆုံး၊ အိမ် ၁၂ လုံးကျော် ထိခိုက်ပျက်စီးထားပါတယ်။