စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က သံဃာတော်တွေဟာ ဇွန်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်လိုက်ကြတယ်လို့ သိရပါတယ်။
ကံဆောင်ပွဲမှာပါဝင်ခဲ့တဲ့ ရဟန်းတော်တပါးက “ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ဘာသာပါလို့ ခံယူထားတဲ့ ဒီနိုင်ငံမှာ စစ်တပ်က ဘုရာသားတော်ရဟန်းသံဃာတွေ၊ တိုင်းသူပြည်သားတွေကို သတ်ဖြတ်နေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိဘူးပေါ့။ အဲဒါကြောင့် ဦးဇင်းတို့ ရဟန်းသံဃာတော်ဟာ စစ်တပ်ကို အခုလို ပတ္တနိက္ကုဇ္ဇနကံဆောင်လိုက်ကြတာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို မိန့်ပါတယ်။
နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်ဟောင်းဆရာတော်တပါးဖြစ်တဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃာ့အစည်းအဝေးတက်ဖို့ သွားရောက်တုန်း စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လို့ ဇွန် ၁၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့ရပါတယ်။
ဆရာတော်ကြီးပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်မှုစတင်ပြီး ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မြိုင်၊ မုံရွာ၊ ပခုက္ကူနဲ့ ဝက်လက်မြို့နယ်တို့က ရဟန်းသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ခဲ့ကြလို့ မြို့နယ် ၉ မြို့နယ်အထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
သံဃသမဂ္ဂ (မန္တလေး) အဖွဲ့ဝင်ဆရာတော်တပါးက “စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်တယ်ဆိုတာ စစ်ကောင်စီနဲ့ပတ်သက်သူတွေရဲ့ လှူဒါန်းမှုအားလုံးကို လက်မခံဘဲ သူတို့နဲ့အဆက်အဆံမလုပ်ကြဖို့ သံဃာတော်တွေ တညီတညွတ်တည်း သဘောတူကြတာပါ။ ရှင်တော်ဘုရားထားတော်မူခဲ့တဲ့ ဝိနည်းတော်အတိုင်း ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်မှုတွေ ပြုလုပ်လာကြတဲ့အပေါ်မှာ ကြိုဆိုထောက်ခံပါတယ်” လို့ မိန့်ကြားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းက ရဟန်းသံဃာတော် ၅၀ နီးပါးပျံလွန်တော်မူခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။