ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ အခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် မိုးစပါးဧက ၂,၀၀၀ ကျော် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းလှမြို့နယ်မှာ ဇူလိုင် ၁၈ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြစ်မခမြစ်ရေဟာ ချောင်းတွေကတဆင့် ဝင်လာတဲ့အပြင် ပဲခူးရိုးမကလည်း တောင်ကျရေ ကျတာကြောင့် စပါးဧက ၂,၀၀၀ ကျော် နစ်မြုပ်ခဲ့ပါတယ်။
မင်းလှမြိုနယ်ရှိ စပါးစိုက်တောင်သူတဦးက “တို့ရွာဘက်တွေမှာ မြုပ်တာများတယ်။ အုတ်ဖိုမြို့နယ်အစပ်တွေထိပါ ရေကမြုပ်နေတာ။ အနားကရွာတွေပါတွက်ရင် ဧက ၂,၀၀၀ ကျော်လောက် မြုပ်နေတာ။ အုတ်ဖိုခြမ်းတွေလည်း မြုပ်နေတော့ ဒီထက် ဧကအများကြီး မြုပ်နိုင်တယ်။ မြစ်ရေတက်တာ၊ မိုးများတာနဲ့ ပဲခူးရိုးမက ချောင်းရေလာတာနဲ့ ဆိုတော့ ရေများကုန်တာပေါ့။ ငါ့လယ်ဆိုလည်း ၂၁ ရက်နေ့က စပါး ၄ ဧကလောက်ပဲ မြုပ်သေးတယ် ဆိုပေမဲ့ အခုဆို ၁၆ ဧကလောက်ထိ မြုပ်သွားပြီ” လို့ ပြောပါတယ်။
စပါးစိုက်တောင်သူ နောက်တဦးကလည်း “မိုးကောင်းကောင်းမရွာတာ ၇ နှစ်လောက်ရှိပြီ။ ဒီနှစ်မှ အကုန်ပေါင်းပြီး စုရွာနေသလိုပဲ။ အခုက မိုးက တော်တော်ရွာတဲ့အပြင် မြန်မာပြည်အထက်ပိုင်းက ရေကလည်းကျ၊ ပဲခူးရိုးမက ချောင်းရေကလည်း ဆင်းဆိုတော့ ရေတက်တာ အရမ်းမြန်တာ။ စပါးစိုက်ခင်းတွေက သက်တမ်းတလကျော်သာ ရှိသေးတာကြောင့် နောက်ထပ် ၄၊ ၅ ရက်အတွင်း ရေမကျရင် စပါးပင်တွေ လုံးဝပျက်စီးသွားနိုင်တယ်” လို့ ပြောပါတယ်။
မင်းလှမြို့နယ်အတွင်းမှာ မြစ်ရေဝင်ရောက်မှုနဲ့ ပဲခူးရိုးမ တောင်ကျရေဝင်ရောက်မှုကြောင့် စပါးပင်တွေအပြင် နှမ်းခင်း၊ ပဲခင်း၊ ကြက်သွန်ခင်းတွေလည်း ရေနစ်မြုပ်နေပြီး ရွာ ၁၀ ရွာက ဒေသခံအများအပြားလည်း ရေဘေးဒုက္ခ ခံစားနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
မင်းလှမြို့နယ်ထဲမှာ မိုးစပါးစိုက်ပျိုးဖို့ ဧက ၇၆,၀၀၀ ကျော် လျာထားပြီး ဧက ၅၅,၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။