ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးချိန် ဒေသခံတွေ စစ်ရှောင်ရာကနေ ပြန်လာပြီးနောက် သံတိုသံစကောက်ပြီး ဝင်ငွေရှာသူ ပိုများလာတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သံတိုသံစကောက်ယူသူတွေဟာ တိုက်ပွဲဖြစ်ပွားချိန်က ပျက်စီးသွားတဲ့ မြို့မဈေး အပါအဝင် လမ်းမပေါ် လူနေအိမ်၊ ဘာသာရေးအဆောက်အဦကြားရှိ သွပ် အပါအဝင် သံထည်ပစ္စည်းတွေကို ရှာဖွေရောင်းချနေကြတယ်လို့ သိရပါတယ်။
ဆီဆိုင်မြို့ခံတဦးက “ကောက်လို့ရတဲ့ သံတိုသံစကို ပိဿာလိုက်နဲ့ ရောင်းရတယ်။ တပိဿာ ၅၀၀ ရတယ်။ ခုချိန် နေ့စားခေါ်တာ အလုပ်တွေလည်း မရှိဘူးလေ။ သံတိုသံစကို ဝယ်သူလည်းရှိတယ်။ စျေးကောင်းလည်းရတော့ အခုက ကောက်ယူသူများနေတာ” လို့ ပြောပါတယ်။
သံတိုသံစကောက်သူတွေဟာ ပျက်စီးတဲ့ အဆောက်အဦတွေအပြင် ပိုင်ရှင်ပြန်မလာသေးတဲ့ အိမ်တွေမှာပါ ဝင်ရောက်ပြီး သံတိုသံစကောက်ကြလို့ ဒေသခံတချို့က ပစ္စည်းပျောက်ဆုံးမှာ စိုးရိမ်နေကြရပါတယ်။
နောက်မြို့ခံတဦးက “တချို့က စစ်ရှောင်နေဆဲလေ။ မီးလောင်ပြီး သုံးလို့ရတဲ့ သွပ်တွေ၊ သံချောင်းတွေပါ ကောက်ယူကြတော့ အဆင်မပြေဘူးလေ။ အိမ်ရှင်ကလည်း ခွင့်မပြုဘဲ ကောက်ကြတာ။ ခုချိန် အကုန်လုံးက ခက်ခဲနေတယ်ဆိုတော့ သံတိုသံစကအစ တန်ဖိုးကြီးပါတယ်” လို့ ပြောပါတယ်။
ဆီဆိုင်မြို့မှာ ဇန်နဝါရီ ၂၁ ရက်ကစပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် တိုက်ပွဲအတွင်း မြို့မစျေး၊ ဘာသာရေးအဆောက်အဦ အပါအဝင် နေအိမ် ၅၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။