ရခိုင်ကနေ စစ်ရှောင်လာတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ပြည်ခရိုင် ပန်းတောင်းမြို့နယ် တယ်ပင်ကျိုး စစ်ကောင်စီစစ်ဆေးရေးဂိတ်က ဇူလိုင် ၁၉ ရက် မနက်မှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပန်းတောင်းမြို့ ပန်းတောင်း-ကံမကားလမ်းမှာ စစ်ကောင်စီတပ်က လူအများ တင်ဆောင်လာတဲ့ ယာဥ်တစီးကို စစ်ဆေးရာမှ ရိုဟင်ဂျာတွေကို ဖမ်းမိခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။
“တယ်ပင်ကျိုးဂိတ်မှာ မြေသယ်ကားတစီးကို စစ်တပ်က စစ်တော့ ရိုဟင်ဂျာတွေမိတာ ယောကျ်ားလေးတွေ များတယ်၊ မိန်းကလေးက နည်းတယ်။ စရဖတပ်က ကားနဲ့ခေါ်သွားတယ်၊ ဘယ်ခေါ်သွားလဲတော့ မသိဘူး။”
တယ်ပင်ကျိုးစစ်ဆေးရေးဂိတ်မှာ စစ်တပ်က ဖမ်းဆီးလာတဲ့ ရိုဟင်ဂျာအမျိုးသား ၃၂ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ပန်းတောင်းနယ်မြေရဲစခန်းနဲ့ ပြည်မြို့မရဲစခန်းကိုခွဲပြီး ပို့ခဲ့တာလို့ ရဲစခန်းနဲ့ နီးစပ်သူတဦးက DVB ကို ပြောပါတယ်။
“စစ်တပ်က ဗိုလ်ကြီးတွေ လာပို့တာ ယောကျ်ားလေးတွေကို ပန်းတောင်းနယ်မြေရဲစခန်းကို ပို့တယ်၊ မိန်းကလေးတွေကို ပြည်မြို့မရဲစခန်းကို ပို့လိုက်တယ်။”
အဆိုပါရိုဟင်ဂျာ ၃၅ ဦးမှာ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့ နေသူတွေ ဖြစ်ပြီး စစ်ဘေးရှောင်ရင်း ရောက်လာတယ်လို့ လဝကနဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
လတ်တလောမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ပန်းတောင်းနယ်မြေရဲစခန်းနဲ့ ပြည်မြို့မရဲစခန်းမှာ လဝကနဲ့ရဲ ပူးပေါင်းကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။