Home
မြန်မာသတင်း
မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၂၀ ကို ထိန်းသိမ်းထား
DVB
·
July 21, 2024

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ကလေးအယောက် ၃၀ အပါအဝင် စစ်ကောင်စီတပ်သားနဲ့ မိသားစုဝင် ၁၂၀ ကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပြီး တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) တပ်မဟာ-၁ က ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ CDF-Matupi က ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သားနဲ့ ရဲ အယောက် ၅၀၊ ကလေးငယ် အယောက် ၃၀ နဲ့ မိသားစုဝင် လူကြီးအယောက် ၄၀ ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကယ်တင်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားပါတယ်။

CDF မတူပီ တပ်မဟာ ၁ တာဝန်ရှိသူက “စစ်သုံ့ပန်းတွေက မတူပီမြို့နယ်က ရဲတွေပါသလို ခရိုင်ရဲတွေလည်းပါတယ်။ ခမရ ၃၀၄ နဲ့ ခလရ ၁၄၀ က ပါတယ်။ အခြား အခြေချ စစ်ဗျူဟာတွေကလည်း ပါပါတယ်။ အတော်များများကတော့ တိုက်ပွဲထဲက ခေါ်ထုတ်ခဲ့တာပါ။ အချို့ကတော့ ၁၀ ရက်ခရီး ၁၅ ရက်ခရီးသွားပြီးတော့မှ တောနက်ကြီးထဲကနေ ပြန်ခေါ်ထုတ်လာပြီး ထမင်းကျွေး၊ ဆေးကုပေး၊ နေရာထိုင်ခင်းလေးတွေ ပေးထားပါတယ်”လို့ ပြောပါတယ်။

ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေနဲ့ ကလေးငယ်တွေဟာ ရက်ရှည် ထမင်းမစားရတဲ့အတွက် အားနည်းတာနဲ့ ရက်ရှည်လမ်းလျှောက်ခဲ့ရတဲ့အတွက် ခြေထောက် သဲဝဲစားတဲ့ ရောဂါတွေ ခံစားနေရတယ်လို့ သိရပါတယ်။

CDF မတူပီ တပ်မဟာ ၁ တာဝန်ရှိသူက “တောထဲကို ထွက်ပြေးသွားတဲ့ ရဲတွေ တပ်သားတွေရဲ့ မိသားစုတွေက အချို့ကတော့ မိဘတွေ ဆုံးရှုံးသွားကြပါပြီ။ လသား ကလေးတွေလည်း ပါပါတယ်။ ကလေးတွေအတွက်ကတော့ ရေရှည်ဆုံးဖြတ်ချက် မချရသေးဘူး၊ ပြည်သူတွေ ပြန်လာရင် ဆက်သွယ်လာတာကို တချက် စောင့်ကြည့်ဦးမယ်။ အချို့ကျတော့ မိဘ ရှိပါသေးတယ်။ အချို့ကတော့ မိသားစုတွေ မရှိကြဘူး။ မိဘမရှိတဲ့ ကလေးတွေကို မွေးစားချင်သူလည်း ရှိတော့ ရေရှည်အတွက်တော့ စီစဉ်မှာပါ။ လောလောဆယ်တော့ သေချာကျွေးမွေး စောင့်ရှောက်ပြီး ဆေးကုပေးထားပါတယ်” လို့ ဆက်ပြောပါတယ်။

ဇွန် ၉ ရက်နေ့ကစလို့ ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က  ခမရ ၃၀၄ နဲ့ ခလရ ၁၄၀ စစ်ဗျူဟာကို ထိုးစစ်ဆင် မတူပီမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း CDF-Matupi က တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရဲဘော်လိုင်ထန်းဘွေ၊ ရဲဘော်ရွှီးလျန်၊ ရဲဘော်ရောဘတ်ဆန်း၊ ရဲဘော်ဘောဇ(ခ)ဘွေအာ၊ ရဲဘော်ပါတူး နဲ့ ရဲဘော်ရိုးလျန် တို့ ၆ ယောက် ကျဆုံးခဲ့ရတယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

CDF-Matupi ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မတူပီမြို့သိမ်းတိုက်ပွဲမှာ ကျနော်တို့ရဲဘော် ၆ ဦးဟာ နိုင်ငံနဲ့လူမျိုးအတွက် မြင့်မြတ်စွာပဲ အသက်ပေးလှူသွားခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးအတွင်း အာဏာရှင်စစ်ကောင်စီတပ်သားတွေကို တိုက်ထုတ်ရင်း အသက်ပေးခဲ့ကြတဲ့ အာဇာနည်ရဲဘော် အားလုံးကို အမြဲအမှတ်ရဂုဏ်ပြုနေပါတယ်။ ကျနော်တို့ CDF-Matupi စတင်တည်ထောင်ခဲ့တဲ့ အချိန်ကနေ မတူပီမြို့သိမ်းတိုက်ပွဲပြီးတဲ့နေ့အထိဆိုရင် CDF-Matupi က ရဲဘော် ၁၆ ဦးဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာပဲ အသက်ပေးလှူသွားခဲ့ကြပါတယ်” လို့ ပြောပါတယ်။

CDF-Matupi ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013