ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ၁၀,၀၀၀ ကျော် ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဇူလိုင် ၁၈ ရက် မနက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စံကားတောင်ဘက်ကျေးရွာတွေဖြစ်တဲ့ လင်လန်၊ ထီဟန်တား၊ နမ်းဗွမ်၊ ထီခိုး၊ ရေပူ၊ ညောင်လေးပင်၊ စန်းလိတ်၊ စန်းစွဲ့ စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
စံကားဒေသခံတဦးက “တော်လှန်ရေးအဖွဲ့ရော စစ်ကောင်စီ၊ PNO အဖွဲ့ရော အင်အားအရမ်းများတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံလည်း ဆက်တိုက်ကြားနေရတယ်။ လက်နက်ကြီး အိမ်ထိတာ နေအိမ်မီးလောင်တာလည်း ရှိတယ်။ သူတို့က နှစ်ဖွဲ့စလုံး အင်အားများနေတော့ တိုက်ပွဲပြင်းနိုင်မယ်” လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့ ကျေးရွာတွေကိုပါ စစ်တပ်က လက်နက်ကြီးပစ်ထည့်နေလို့ ဒေသခံတွေက မိမိလုံခြုံရေးကိုလည်း အထူးစိုးရိမ်နေရတယ်လို့ ပြောပါတယ်။
နောက်ဒေသခံတဦးက “တိုက်ပွဲမဖြစ်ဘဲ လူအိပ်နေချိန်ပါ လက်နက်ကြီးပစ်လာတော့ ရွာသားတွေလည်း ကြောက်ပြီး ရှောင်ကြတာ။ ဒီမနက်ဆို စစ်ရှောင်က စံကား-မှော်ဘီလမ်းတလျှောက်ဆို အပြည့်ပဲ၊ လမ်းလျှောက်သူရော၊ ကား၊ ဆိုင်ကယ်နဲ့ရော အရမ်းများတယ်” လို့ ပြောပါတယ်။
စံကားဒေသခံတွေဟာ နန်းပန်မြို့ဘက်နဲ့ တိုက်ပွဲမဖြစ်ပွားတဲ့ ပင်လောင်းမြို့နယ်တို့မှာ သွားရှောင်ကြပြီး အများစုက ပင်လောင်းမြို့နယ် ဂျာမနီလမ်းဘေးမှာ တဲထိုးပြီး နေထိုင်နေရတယ်လို့ ပြောပါတယ်။
ဇူလိုင် ၁၇ ရက်ကလည်း ညောင်ရွှေ-ဖယ်ခုံနယ်စပ် လွယ်လုံကျေးရွာအနီးရှိ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ဂိတ်ကို တော်လှန်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ပြီး စစ်သား ၁၀ ဦးကျော် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။