ကမ္ဘာ့အကြီးဆုံး ဆီဖြည့်ဆိပ်ကမ်းအနီး စင်ကာပူနိုင်ငံရဲ့ ပက်ဒရာ ဘရန်ကာကျွန်းရဲ့ အရှေ့မြောက်ဘက် ၃၄ မိုင်အကွာမှာ မီးလောင်နေတဲ့ ရေနံတင်သင်္ဘောကြီး ၂ စီးဆီကနေ သင်္ဘောသားတွေကို ကယ်ဆယ်ခဲ့တယ်လို့ စင်ကာပူရေတပ်က ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
သောကြာနေ့ မနက် ၆ နာရီ ၁၅ မိနစ်မှာ စင်ကာပူအလံတင် ဟက်ဖ်နီယာ နိုင်းလ် ရေနံတင်သင်္ဘောနဲ့ ဗဟိုအာဖရိကနိုင်ငံတခုဖြစ်တဲ့ ဆောင်တိုမေး အန် ပရင်စီပေး နိုင်ငံအလံ တပ်ဆင်ထားတဲ့ ဆီရက်စ်ဝမ်း ရေနံတင်သင်္ဘောတွေ ကုန်းပတ်ပေါ်မှာ မီးလောင်မှု ဖြစ်ပွားကြောင်း အကြောင်းကြားချက် ရရှိခဲ့တယ်လို့ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင် (MPA) က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ RSS Supreme ဖရီးဂိတ် စစ်သင်္ဘောက သင်္ဘောသားတွေကို ကယ်ဆယ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးခဲ့ကြောင်း စင်ကာပူရေတပ်က ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ချက်ချင်း မပြောခဲ့ပါဘူး။
စင်ကာပူလေတပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ ကယ်ဆယ်ထားတဲ့ သင်္ဘောသားတွေကို ဆေးရုံကို မပို့ဆောင်ခင် ရဟတ်ယာဉ်ပေါ်ကနေ ခေါ်ထုတ်နေတာကို မြင်တွေ့ရပါတယ်။
စင်ကာပူဟာ အာရှရဲ့ ရေနံကုန်သွယ်မှု ဗဟိုချက်နဲ့ ကုန်တင်သင်္ဘောတွေကို ဆီဖြည့်ပေးတဲ့ ကမ္ဘာ့အကြီးဆုံး ဘန်ကာဆိပ်ကမ်း ဖြစ်ပါတယ်။
စင်ကာပူအနီးတဝိုက်ရှိ ရေပြင်တွေကလည်း အာရှနဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းတို့ကြားမှာ အရေးပါတဲ့ ကုန်သွယ်မှု ရေလမ်းကြောင်းလည်း ဖြစ်ပါတယ်။
Source-Reuters