ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က အဆင့်မြင့်ဟိုတယ်ခန်းထဲမှာ နိုင်ငံခြားသား ၆ ယောက် သေဆုံးရတာဟာ ဆိုင်ယာနိုက် အဆိပ်သင့်လို့ ဖြစ်ပုံရတယ်၊ အဆိပ်ခတ်သူလို့ သံသယရှိသူပါ သေဆုံးသွားတာ ဖြစ်တယ်လို့ ထိုင်းရဲက ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။
Grand Hyatt Erawan Bangkok ဟိုတယ်ခန်းထဲက သောက်ရေခွက်တွေနဲ့ ရေနွေးအိုးထဲမှာ အမြန်အဆိပ်သင့် သေဆုံးစေနိုင်တဲ့ ဆိုင်ယာနိုက်အဆိပ်ကို တွေ့ခဲ့တာပါ။
ရင်းနှီးမြှုပ်နှံမှုတရပ်နဲ့ ပတ်သက်ပြီး အကြွေးကိစ္စ အငြင်းအခုံဖြစ်နေတယ်လို့ သေဆုံးသူတွေရဲ့ ဆွေမျိုးတွေက လူတွေ့မေးမြန်းချိန်မှာ ဖြေခဲ့တယ်လို့ ရဲက ပြောပါတယ်။
သေဆုံးသူ ၆ ဦးစလုံးမှာ ဗီယက်နမ်လူမျိုးတွေဖြစ်ပြီး သူတို့ထဲက ၂ ဦးက အမေရိကန် နိုင်ငံသားတွေပါ။ ဇူလိုင် ၁၆ ရက် နှောင်းပိုင်းမှာ ဟိုတယ်ထဲမှာ သေဆုံးနေတာကို ဝန်ထမ်းက တွေ့ရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က စုံစမ်းစစ်ဆေးမှုမှာ ထိုင်းရဲတပ်ဖွဲ့ကို ကူညီပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘန်ကောက်မှာရှိတဲ့ ဗီယက်နမ်သံရုံးက ထိုင်းအာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဗီယက်နမ်အစိုးရက ပြောခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အခြေအနေကို စောင့်ကြည့်နေပြီး စုံစမ်းစစ်ဆေးမှုအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။
Source-Reuters