Home
နိုင်ငံတကာ
ဘန်ကောက် ဟိုတယ်ခန်းတခုအတွင်း သေဆုံးနေသည့် နိုင်ငံခြားသား ၆ ဦးတွေ့ရှိ
DVB
·
July 17, 2024
Photo Crd-matichon

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်၊ ရာ့ချ်ပဆုန်လမ်းရှိ Grand Hyatt Erawan Bangkok ဇိမ်ခံကြယ်ငါးပွင့်ဟိုတယ်မှာ  ဇူလိုင် ၁၆ ရက် ညနေ ၅ နာရီခွဲလောက်က ဗီယက်နမ်လူမျိုး အလောင်း ၆ လောင်းတွေ့ရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဧရာဝဏ်ဟိုတယ် အထပ် ၅ ရှိ အခန်းတခန်းမှာ လူ ၆ ဦးရဲ့ အလောင်းတွေ့ရှိကြောင်း ဟိုတယ်တာဝန်ရှိသူက လုမ္ပဏီနယ် မြေရဲစခန်းကို အကြောင်းကြားတာကြောင့် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ အခန်းတံခါးပွင့်နေပြီး အထဲမှာ လဲကျသေဆုံးနေတဲ့ အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၃ ဦး အလောင်းတွေ့ရှိတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် နိသီဆဲင်ဆဝမ်က ဇူလိုင် ၁၆ ရက်ည သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ပျောက်ဆုံးမှုမရှိ၊ ခုခံရာ ရုန်းရင်းဆန်ခတ်ဖြစ်ရာတွေမရှိ၊ သောက်လက်စ ကော်ဖီခွက်၊ လက်ဖက်ရည်ခွက်တွေနဲ့ မစားရသေးတဲ့ အစားအစာတွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  ‌

သေဆုံးသူ ဗီယက်နမ်လူမျိုး အသက် ၅၆၊  ၄၇ နဲ့ ၄၆ နှစ်ရွယ် အမျိုးသမီး ၃ ဦးနဲ့ အသက် ၅၅၊ ၄၉ နဲ့ ၃၇ နှစ်ရွယ် အမျိုးသား ၃ ဦးတို့ထဲမှ ၂ ဦးမှာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားကြောင်း၊  ၅ ဦးက ဟိုတယ် ၇ လွှာမှာ တည်းခိုပြီး ဇူလိုင် ၁၆ ရက်မှာ ပြန်ဖို့အတွက် အထုတ်အပိုးပြင် အခန်းပြန်အပ်ကာ  ၅ လွှာရှိ ကျန် အခန်းတခန်းမှာ လာရောက်နားနေစဉ် သေဆုံးသွားတယ်လို့  ဒုရဲချုပ်က ဆက်ပြောပါတယ်။

သူတို့ထဲမှာ ၃ ဦးက ထိုင်းနိုင်ငံကို ၁၀ ကြိမ်ထက်မနည်းလာရောက်ထားတဲ့ ခရီးသွား ရာဇဝင်ရှိတယ်၊ အားလုံးက အလည်အပတ်ဗီဇာနဲ့ ဝင်လာကြတယ်၊ ဟိုတယ်မှာ ဇူလိုင် ၁၃ ရက်နေ့က လာတည်းတယ်၊ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အဆိပ်ခတ်ခံရတာလို့ ကနဦးယူဆကြောင်း၊ ဒါပေမဲ့ ဆေးရုံက ဆေးစစ်ချက်ထွက်လာမှ အတည်ပြုလို့ရမယ်၊ ဘာကြောင့် ခုလိုလုပ်ကြံခံရသလဲဆိုတာတော့ စီးပွားရေးပြဿနာ ဒါမှမဟုတ် အငြိုးအတေးထားတာ ဖြစ်နိုင်ကြောင်း ကနဦးခန့်မှန်းတယ်လို့ ဒုရဲချုပ်က ပြောပါတယ်။ 

အခင်းဖြစ်ရာနေရာကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် သော်ဆဒ်ဝိမွန်းနဲ့ ဝန်ကြီးချုပ် ဆေထာထဝီးဆင်တို့ကပါ ညတွင်းချင်းလာရောက်စစ်ဆေးခဲ့ကြပါတယ်။

ဒီအမှုကြောင့် ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို မထိခိုက်စေရေး၊ အမှုမှန်ကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ပြီး  နိုင်ငံခြားခရီးသွားဧည့်သည်တွေရဲ့  လုံခြုံရေးတိုးမြှင့်ဖို့  ဝန်ကြီးချုပ်က မှာကြားသွားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်နေတဲ့ ၇ ယောက်မြောက်လူကိုလည်း ထိုင်းရဲတွေက ရှာဖွေနေပါတယ်။

သေဆုံးသူ ၆ ဦးဟာ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ဘန်ကောက်ကို ရောက်လာအပြီး ဂရန်း ဟိုက်ယက် အီရာဝန် ဟိုတယ်မှာ သီးခြားစီ တည်းခိုခဲ့တယ်လို့ ထိုင်းရဲအရာရှိတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဒီအုပ်စုဟာ မတူတဲ့အခန်းတွေကို ငှားရမ်းခဲ့ပေမဲ့ သူတို့အလောင်းတွေကိုတော့ အခန်းတခန်းတည်းမှာ တွေ့ခဲ့တာဖြစ်ပြီး ရုန်းကန်ထားတဲ့လက္ခဏာ မတွေ့ရဘူးလို့ သူက ဆက်ပြောပါတယ်။

လူသေမှုရှိနေတယ်လို့ ဟိုတယ်ဝန်ထမ်းက ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲလောက်မှာ ဖုန်းဆက်အကြောင်းကြားအပြီး အလောင်းတွေကို ရဲအရာရှိတွေက တွေ့ခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဘန်ကောက်အခြေစိုက် အမေရိကန်နဲ့ ဗီယက်နမ် သံရုံးတွေဆီ ဖုန်းဆက်ခဲ့ပေမဲ့ မတုံ့ပြန်ခဲ့ပါဘူး။

ဂရန်း ဟိုက်ယက် အီရာဝန် ဟိုတယ်မှာ အခန်း ၃၅၀ ရှိပြီး ဇိမ်ခံ စျေးဝယ်တိုက်တန်းတွေ၊ စားသောက်ဆိုင်တွေအတွက် လူသိများတဲ့ ဘန်ကောက်က လူကြိုက်များတဲ့ ကမ္ဘာလှည့် ခရီးသည်တွေ လည်ပတ်ရာ ခရိုင်ထဲမှာ ရှိနေပါတယ်။

ဟိုတယ်က တာဝန်ရှိသူတွေကတော့ မှတ်ချက်တောင်းတဲ့ဖုန်းနဲ့ အီးမေးလ် တို့ကနေ မေးမြန်းချက်ကို ချက်ချင်း မတုံ့ပြန်သေးပါဘူး။

ထိုင်းဟိုတယ်ထဲမှာ သေဆုံးလျက်သား တွေ့ရတဲ့ သူ့နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေကို သတိထားမိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၆ ရက်မှာ ပြောခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013